ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်

သတိလစ်မေ့မြောနေမှ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုခဲ့သည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ယနေ့ အောက်တိုဘာ ၇ ရက်နေ့ နံနက် ၃ နာရီခန့်က မန္တလေးဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက မန္တလေးဆေးရုံကြီး MU 3 တွင် သတိလစ် အနေအထားဖြင့် ရောက်ရှိနေသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း စာကို စစ်ကောင်စီက လာရောက်ဖတ်ပြခဲ့ပြီး ၂၄ နာရီမပြည့်ခင်ပင်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

“လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတာ ဆရာဇော့်(ဒေါက်တာဇော်မြင့်မောင်)ရဲ့ ကျန်းမာရေး အခြေအနေ နောက်ဆုံးမှာ သူတို့(စစ်ကောင်စီ) ပေးလိုက်တာပါပဲ။ ဒါပေမယ့် ဆရာဇော်က သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတာတောင် သူသိမသွားပါဘူး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးငြိမ်းသစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် မန္တလေးအိုးဘိုထောင်တွင် ထောင်ချခံထားရကာ သွေးကင်ဆာဝေဒနာခံစားနေရသည့် ဒေါက်တာဇော်မြင့်မောင်ကို ပြီးခဲ့သည့် ရက်ပိုင်းတွင် မန္တလေးဆေးရုံကြီးသို့ ခေါ်ဆောင်လာခြင်းဖြစ်ပြီး ယမန်‌နေ့တွင် လွတ်ငြိမ်း ချမ်းသာခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ပါတီအတွက် နိုင်ငံအတွက် အစားထိုးမရတဲ့ ခေါင်းဆောင်တစ်ယောက် ဆုံးရှုံးသွားရတယ်ပေါ့ဗျာ။ အဲ့ဒီအတွက် စိတ်မကောင်းဖြစ် ဝမ်းနည်းကြေကွဲရတယ်။ ပါဆင်နယ်ပြောရရင်တော့ ခရီးတွေ အတူတူသွားခဲ့ကြတယ်။ ထမင်းတွေအတူတူစားခဲ့ကြတယ်။ ကျွန်တော့်ဘဝအတွက် လိုအပ်တာ တွေကို ဆုံးမသွန်သင်ပေးခဲ့တယ်။ ဖေးမစောင့်ရှောက်ပေးခဲ့တယ်။ ကျွန်တော်ကလည်း တာဝန်ဆို တာထက် လုပ်ပေးချင်တဲ့စိတ်နဲ့ နေ့/ည မနား လုပ်ပေးခဲ့ပါတယ်။ အခုတော့ လုပ်ပေးလို့ မရတော့ဘူး။ ဝမ်းနည်းငိုကြွေးမိတယ်။ ၂၀၂၁ အာဏာသိမ်းမှုသာမဖြစ်ခဲ့ရင် ဆေးကုသမှု လုံလောက်စွာရခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူးလို့ယုံကြည်တယ်”ဟု ဒေါက်တာဇော်မြင့်မောင်နှင့် အနီးကပ်နေထိုင်ခဲ့သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် သွေးကင်ဆာဝေဒနာခံစားနေရသည့် အသက် (၇၃) နှစ် အရွယ် ဒေါက်တာဇော်မြင့်မောင်ကို သဘာဝဘေးဥပဒေချိုးဖောက်မှု၊ အများပြည်သူ တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်လုပ်ဆောင်မှု၊ ပုဒ်မ ၅၀၅ (ခ)၊ မဲမသမာ မှု ပုဒ်မ ၁၇၁ (စ)၊ ပုဒ်မ ၁၃၀ (က)အပါအဝင် အဂတိအမှု ငါး မှု၊ စုစုပေါင်းအမှု ကိုး မှုဖြင့် ထောင် ဒဏ် ၂၉ နှစ်ချမှတ် ၍အိုးဘိုထောင်တွင် ချုပ်နှောင်ထားခြင်းဖြစ်သည်။

“မတရားဖမ်းဆီးခံထားရပြီး စစ်တပ်ရဲ့ဖမ်းဆီးသတ် ဖြတ်ခြင်းကို ခံလိုက်ရတာဗျ။ သူတို့လက်ထဲမှာ သေရင် နိုင်ငံတကာရဲ့ အရေးယူခြင်းကို ခံရမှာစိုးလို့ သေခါနီးမှ ထောင်အပြင်ထုတ် ဆေးကုပေးသလိုနဲ့ သေတော့မှ မိသားစုကိုပေးတာ။ ဖမ်းဆီးသတ်ဖြတ်ပစ်တာနဲ့အတူတူပါပဲ” ဟု ဒေါက်တာ ဇော်မြင့်မောင်နှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့သူ နိုင်ငံရေးအသိုင်းအဝိုင်းမှ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒေါက်တာဇော်မြင့်မောင်သည် ဖမ်းဆီးခံရချိန်တွင် ကင်ဆာဆေးသွင်း ကုသနေရသည့် အခြေအနေဖြစ်ပြီး စစ်ကောင်စီက ဖမ်းဆီး၍ ထောင်ချခံရချိန်တွင်လည်း ထောင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကို အပြင်းအထန်ခံစားခဲ့ရကြောင်း သိရသည်။

စစ်အုပ်စုသည် ဒေါက်တာဇော်မြင့်မောင်ကို ‌၁၉၉၀ ခုနှစ်ကလည်း ဖမ်းဆီး၍ ထောင်ဒဏ် ၂၅ နှစ်ချမှတ် ခဲ့ပြီး ၂၀၀၉ တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဒေါက်တာဇော်မြင့်မောင်သည် ၂၀၁၆ခုနှစ်တွင် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ၂၀၂၁ တွင် စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

“တိုင်းပြည်အတွက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်အရေး ဆောင်ရွက်နေကြတဲ့ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ခေါင်းဆောင်တွေအပေါ်မှာ အကြမ်းစစ်အုပ်စုအနေနဲ့ ဒီလောက်အထိ ယုတ်ယုတ်မာမာ အကြမ်းဖက် ဆောင်ရွက်ဖိုမသင့်ပါဘူး။ တကယ်တော့ တိုင်းပြည်ခေါင်းဆောင် တွေဟာ အပြင်မှာရှိပြီး နိုင်ငံရေးဆောင်ရွက်ခွင့် ပေးထားရမှာဖြစ်ပါတယ်” ဟု ဦးငြိမ်းသစ်က ဆက်လက်ပြောကြားသည်။

စစ်ကောင်စီက ၎င်းတို့မတရားဖမ်းဆီးထောင်ချထားသည့် အကျဉ်းသားများအနက် နိုင်ငံသိ နာမည်ကြီး ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများ ရောဂါဝေဒနာပြင်းထန်၍ သေဆုံးခါနီးတွင် အကျဉ်းထောင်၌ ထားရှိခြင်းမရှိတော့ဘဲ မိသားစုလက်သို့လည်းကောင်း၊ ဆေးရုံသို့လည်းကောင်း ပို့ဆောင်ခြင်းများ ပြုလုပ်ကာ ထောင်ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုလုပ်သည်ကို တွေ့ရသည်။

နိုင်ငံတကာအနေဖြင့် ထောင်တွင်းအကျဉ်းသားများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက် သည့်လုပ်ရပ်များကို စောင့်ကြည့်နေသောကြောင့် သေဆုံးခါနီး အကျဉ်းသားများကို ထောင်တွင်း မထားတော့ဘဲ လွတ်ငြိမ်းခွင့် ပြုသည့်ဖြစ်စဉ်များ ရှိလာသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့ကလည်း နိုင်ငံရေးအကျဥ်းသား မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ဖေမောင်စိမ်း၊ ဦးဖေမောင်စိမ်း အသက် (၅၀) နှစ်ကို လွတ်ငြိမ်းခွင့်ပေးပြီးနောက် ရန်ကုန်မြို့ရှိ ဆာကူရာ ဆေးရုံတွင် ဆေးကုသမှုခံယူ‌နေစဉ် ရက်ပိုင်းအတွင်း ဩဂုတ်လ ၁၉ ရက်နေ့ တွင်ကွယ်လွန်ခဲ့သည်။

မှတ်တမ်းရုပ်ရှင် ဒါရိုက်တာဖေမောင်စိမ်းသည် ကရင်နီပြည်နယ် ၊ လွိုင်ကော်အကျဉ်းထောင်တွင် ဆေးကုသခွင့်ရရှိခြင်းမရှိဘဲ အင်းစိန်ထောင်ရောက်လာချိန်တွင် နံရိုးလေးချောင်းကျိုးနေပြီး အောက်ပိုင်းသေသလိုဖြစ်ကာ ခါးအရိုး တီဘီရောဂါခံစားခဲ့ရပြီး အဆိုပါ ရောဂါများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ဆရာဇော် ၊ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရမယ်လို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကနေပြီးတော့ တောင်းဆိုထား တာရှိပါတယ်။ အဲ့ဒါကိုလည်းပဲ စစ်အုပ်စုက လိုက်နာဖို့ ပျက်ကွက်နေပါတယ်။ နောက်အာဆီယံဘုံ သဘောတူညီချက်ကိုလည်း လိုက်နာဖို့ ပျက်ယွင်းနေပါတယ်” ဟု NLD ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးငြိမ်းသစ်က ဆိုသည်။

ပုံစာ-ယနေ့ အောက်တိုဘာ ၇ ရက်နေ့ နံနက် ၃ နာရီခန့်က မန္တလေးဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့သည် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်

#မန္တလေးတိုင်း #ဝန်ကြီးချုပ် #ဒေါက်တာဇော်မြင့် မောင် #ကွယ်လွန် #Ayeyarwaddy_Times