ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်
အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ အရေးပါသည့် စစ်စခန်းဖြစ်သော မဲတောင်ဗျူဟာကုန်းကို ပြီးခဲ့သည့် အောက်တိုဘာ ၅ရက်နေ့တွင် AA က သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ အောက်တိုဘာ ၆ရက်နေ့ကလည်း မီးလောင်ချောင်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ ခမရ ၃၇၃ ၏ ကာကင်းစခန်းတစ်ခုကို AA က သိမ်းပိုက်လိုက်ကြောင်း သိရသည်။
“မီးလောင်ချောင်းနားကတပ်တွေ ဟိုအရှေ့နေ့ ကလည်း ၄၀လောက်သေတယ်။ အခု တပ်တွေ ပြန်ဆုတ်သွားပြီ။ မဲတောင်တကြောကတော့ လေယာဉ်နဲ့ နေ့တိုင်းနီးပါးလာပစ်နေတာ။ ရွာသား တွေလည်း ပြေးကြပြီ။ မပြေးတဲ့ရွာတွေကျ စစ်တပ်က လာမောင်းထုတ်တယ်” ဟု အမ်းဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
AA သည် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့နယ်အတွင်းကို ထိုးစစ်ဆင်လာပြီး ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ စစ်ဦးစီးမှူး (ပထမတန်း) G- 1နေအိမ်နှင့် အမ်း-စစ်တွေ၊ အမ်း- တပ်တောင်လမ်းဆုံတည့်တည့်ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အဝင်ဂိတ်တို့ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံး ထိခိုက်မှု ရှိကြောင်း သိရသည်။
AA က ခမရ ၃၇၃၏ ကာကင်းစခန်းသိမ်းယူအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့များသည် ယမန်နေ့ အောက်တိုဘာ ၆ ရက်တွင် ကံ့ကော်တစ်ထောင် ဘုရားကုန်းဘက်သို့ တပ်ဆုတ်သွားကြောင်း သိရသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လေယာဉ်ပစ်ကူနှင့် နပခ အတွင်းမှ လက်နက်ကြီး ပစ်ကူများပေး၍ ခုခံကာကွယ်လျက်ရှိသည်။
စစ်ကောင်စီသည် အမ်းမြို့နယ်အတွင်းရှိ ကျေးရွာများ AA ကိုအကူအညီမပေးနိုင်စေရန်နှင့် ကာကင်း စခန်းများ ပြုလုပ်ရန်အတွက် ကြောင်ဖြူကွင်း၊ ဂွေးကိုင်းရွာ၊ ရပ်သာ၊ ပျဉ်းတောကြီး၊ ကြပ်ရွာ၊ ကျွဲသလင်း၊ နေကာရွာသစ်စသည့် ကျေးရွာ ခုနစ် ရွာမှ ဒေသခံများကို အတင်းအကျပ် ပြောင်းရွှေ့ခိုင်း ခဲ့သည်။
#အမ်း #စစ်ကောင်စီ #မဲတောင်ဗျူဟာ #ခမရ၃၇၃ကာကင်းစခန်း #AAသိမ်းပိုက် #Ayeyarwaddy_Times