
ဧရာဝတီတိုင်းမ်
(မတူပီ)၊ အောက်တိုဘာ ၇ ရက်
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ကျန်ရှိနေသေးသော စစ်ကောင်စီတပ်စခန်းနှစ်ခုကို သိမ်းပိုက် နိုင်ရန်အတွက် ချင်းလဲန်းအစိုးရလက်အောက်ခံ၊ ကာကွယ်ရေးတပ်ဖွဲ့များက ဆက်လက်တိုက်ခိုက် နေကြောင်းသိရသည်။
ထန်တလန်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဩဂုတ်လ၊ လကုန်ပိုင်းမှ စတင်၍ ချင်းလဲန်းအစိုးရ လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း မြေပြင်သတင်းအရင်းမြစ်ထံက သိရသည်။
“တပ်စခန်းတော်တော်များများကိုတော့ သိမ်းပိုက်နိုင်ပြီ။ အခုကျန်နေတဲ့ တပ်စခန်းနှစ်ခုကို သိမ်းပိုက်ဖို့ ဆက်လက်တိုက်ခိုက်နေတယ်။ လေကြောင်းနဲ့လည်း နေ့တိုင်းဗုံးလာကြဲတယ်။ ဟားခါးမြို့ကနေလည်း လက်နက်ကြီးပစ်ကူပေးတယ်။ အခုကျန်နေတဲ့ တပ်စခန်းက သူတို့အခိုင်အမာပြင်ဆင်ထားတာကြောင့် ဒရုန်းတိုက်ခိုက်မှုနဲ့လည်း သိပ်မထိရောက်တဲ့အတွက် အခုလို မြို့သိမ်းဖို့ ကျန့်ကြာနေတာဖြစ်တယ်” လို့ ချင်းလဲန်းအစိုးရလက်အောက်ခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
စစ်ကောင်စီသည် ထန်တလန်မြို့ကို လက်လွှတ်မဆုံးရှုံးနိုင်အောင် လေကြောင်းဖြင့် ပြင်းပြင်း ထန်ထန်တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း အသေခံကာကွယ်ခုခံ တိုက်ခိုက် နေကြောင်းသိရသည်။
ထန်တလန်မြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်(CNA)အပါအဝင် ချင်းကာကွယ်ရေး တပ်ပေါင်းစုဘက်မှ တပ်ဖွဲ့ဝင်စုစုပေါင်း ၅၀ ကျော်ကျဆုံးပြီး ၅၀၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံက သိရသည်။
ပုံစာ-ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်ကုန်း သိမ်းပိုက်စဉ် နှင့် ထန်တလန်မြို့။
#ထန်တလန်မြို့ #ကျန်ရှိနေစစ်ကောင်စီစခန်း #ဆက်လက်တိုက်ခိုက် #နှစ်ဖက်တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times