ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် သန်းခေါင်စာရင်းကောက်ယူမှုများ စတင်သည့် အောက်တိုဘာ ၁ ရက်နေ့မှစတင်ကာ လုံခြုံရေးအကြောင်းပြ၍ စစ်ကောင်စီက တပ်စွဲမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁ ရက်နေ့က ငပုတောမြို့နယ်ဖျံရေကျော်ကျေးရွာသို့ စစ်ကောင်စီတပ်သားအင်အား၅၀ခန့် ရောက်ရှိလာပြီး နယ်မြေစိုးမိုးရေးခေါင်းစဥ်ဖြင့် ဘုန်းကြီးကျောင်းတွင်ညအိပ်ကာ တပ်စွဲနေကြောင်း ဒေသခံများထံမှသိရှိရသည်။

“စစ်တပ်လာရင်ရွာက အုပ်ကြီးကပိုပြီးအာဏာပြတယ်။ သူမကျေနပ်တဲ့သူရှိရင် ထောက်ပို့ဆိုပြီးဖမ်းခိုင်းတယ်။ စစ်တပ်လာပြီဆိုအဲ့လူတွေကရှောင်နေရတယ်။ ကျေးရွာတွေထဲ ကင်းလှည့်ပြပြီး တစ်ပတ်လောက်ဆိုပြန်သွားရော၊စစ်တပ်လာရင် လုံခြုံတာထက် မှားဖမ်းပြီးအရိုက်ခံရမှာ ပိုကြောက်နေရတယ်” ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်

ဟင်္သာတမြို့နယ်၊ မြန်အောင်မြို့နယ်နှင့် အင်္ဂပူမြို့နယ်များရှိ ကျေးရွာများတွင်လည်း စစ်ကောင်စီတပ်များရောက်ရှိလာပြီး လူဦးရေ သန်းခေါင်စာရင်းကောက်ယူရာတွင် လိုက်ပါခြင်းနှင့်ကျေးရွာ၁၀ရွာထက်မနည်းကိုစစ်ကြောင်းထိုး ခဲ့သေးကြောင်း ဒေသခံများကပြောသည်။

အောက်တိုဘာလ ၃ရက်နေ့က ငပုတောမြို့နယ်၊ တမန်ချောင်းကျေးရွာအုပ်စုဘက်သို့ စစ်ကောင်စီလေတပ်မှ တပ်သား ၁၀ ဦးခန့်နယ်မြေစိုးမိုးရေးဟုဆိုကာ လာရောက်နေကြောင်းသိရှိရသည်။

“အမှန်က ရှေ့တန်းသွားရမှာစိုးလို့ လုံခြုံရေး အားနည်းတယ်လို့ သတင်းတင်ပြီး လာရှာတာ။ အဲ့ဘက်မှာ တစ်လလောက် ရှာတဲ့ပုံပြမယ် ဟိုလူဒီလူ ဖမ်းပြီးငွေညှစ်မယ် ဒါမျိုးတွေ လုပ်နေတာ”ဟု စစ်ကောင်စီ တပ်မှအငြိမ်းစားယူထားသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင်နိုင်ငံအတွင်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများနေသောကြောင့် ရှေ့တန်းထွက်ရမည်စိုးရိမ်ကာ ဧရာ၀တီတိုင်းအတွင်းတွင် လူဦးရေနှင့်သန်ခေါင်စာရင်းကောက်ယူသည့်သူများ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးဟုဆိုကာ အင်အားပြတပ်စွဲနေခြင်းဖြစ်နိုင်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများထံမှ သိရှိရသည်။

#သန်းခေါင်စာရင်းကောက်ယူ #ဧရာဝတီတိုင်း #စစ်ကောင်စီတပ်များ #လိုက်လံတပ်စွဲ #Ayeyarwaddy_Times