ဧရာဝတီတိုင်းမ်
(မုံရွာ)၊ အောက်တိုဘာ ၇ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်တွင် စစ်ကောင်စီလက်အာက်ခံ ထောင်အာဏာပိုင်များက CDM ပြုလုပ်ထားသည့် နိုင်ငံရေးအကျဉ်းသားများကို Non-CDM လုပ်ရန် ဖိအားပေးခြိမ်းခြာက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်း သားများကွန်ရက်(PPNM) က ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မုံရွာထောင်အာဏာပိုင်များသည် CDM ဝန်ထမ်း နိုင်ငံရေးအကျဉ်းသားများကို တာဝန်မှူးရုံးခန်းသို့ ခေါ်ယူပြီး ၎င်းတို့ ကိုယ်တိုင်ရေးထားသည့် CDM အမည်စာရင်းမှပယ်ဖျက်ခွင့်ပေးရန် အချက်များ ပါဝင်သည့် အသနားခံစာတွင် ဖိအားပေးခြိမ်းခြောက်ကာ လက်မှတ်ရေးထိုးခိုင်းခဲ့ခြင်းဖြစ်သည်။
“မုံရွာ အကျဉ်းထောင်မှာတော့ အဓိကအားဖြင့် စစ်ကောင်စီရဲ့ ဒေါက်တိုင်မှာ အရေးပါတဲ့ စစ်သားတို့ ရဲတို့ကို ပိုပြီးမှ လိုအပ်လာတယ်။ CDM တွေနဲ့ အာဏာသိမ်းမှုမှာ မလည်ပတ်ချင်လို့ CDM ၀င်တဲ့လူတွေကို ပထမဆုံးအနေနဲ့ လက်မှတ်ထိုးခိုင်းတယ်။ အဓိကအားဖြင့်တော့ အသနားခံစာတင်ရင် လွတ်မြောက်နိုင်တယ်ဆိုတဲ့ စည်းရုံးလှုံ့ဆော်မှုတွေ တွေ့ရတယ်။ ယုံကြည်ချက်ခိုင်မာတဲ့ လူတွေက မထိုးကြဘူး။ ထိုးတဲ့လူ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာက သိဖို့တော့ ခဲယဉ်းပါတယ်” ဟု PPNM က ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် လက်မှတ်ထိုးခြင်းမရှိသည့် CDM နိုင်ငံရေးအကျဉ်းသားများကိုလည်း မုံရွာထောင်မှူး ဦးကျော်ဝင်းမှ အသနားခံစာတင်ပြလိုခြင်းမရှိကြောင်း ရေးသားထားသည့်စာတွင် လက်မှတ်ထိုးခိုင်း ခဲ့ပြီးထပ်မံ၍ မိသားစုကို ငဲ့ကွက်သည့်အနေဖြင့် လက်မှတ်ထိုးပေးရန်လည်း ဖိအားပေးခဲ့ ကြောင်း သိရသည်။
စစ်ကောင်စီက ၎င်းတို့၏ ရဲ၊ စစ်သား စသည်တို့အပြင် အစိုးရဝန်ထမ်းများ အင်အားနည်းပါး လာသည့်အတွက် မုံရွာထောင်တွင် ယခုကဲ့သို့ CDM ဝန်ထမ်း နိုင်ငံရေး အကျဉ်းသားများကို တာဝန်ပြန်ထမ်း ဆောင်ရန် ဖိအားပေးသည့် ဖြစ်စဉ်များမှာ အခြားထောင်များတွင်လည်း ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။
“သူတို့ရဲ့လုပ်ဆောင်ချင်တွေက လျှို့ဝှက်လုပ်ဆောင်မှုတွေဖြစ်တဲ့အတွက် တခြားထောင်တွေမှာ မရှိဘူးလားဆိုပြီးတော့ ပြောဖို့အတွက်က ခဲယဉ်းတယ်ပေါ့။ ရှိနေသလားလို့ ပြောရအောင်လို့လည်း သက်သေအချက်အလက်က မခိုင်လုံဘူး။ သူတို့(စစ်ကောင်စီ)ရဲ့ မတရားလုပ်ရပ်တွေဟာ ဖုံးကွယ်ထားလို့ မရဘူး။ ကျွန်တော်တို့ အမြဲတမ်းသိရှိနေတယ်ဆိုတာကို ပြောချင်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီး သုံးနှစ်တာကာလအတွင်း တော်လှန်ရေး လှုပ်ရှားမှုများနှင့်ပါတ်သတ်ပြီး ဖမ်းဆီးခံရသူ ပေါင်း ၂၇၅၁၃ ဦးရှိပြီး ၎င်းတို့ထဲမှ ၂၁၀၁၇ ဦးမှာ ယခုအချိန်အထိ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မုံရွာ #စစ်ကောင်စီ #အကျဉ်းထောင် #CDM #NonCDM #ဖိအားပေး #Ayeyarwaddy_Times