ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ရက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး AA က ကုလားပြင်ရှိ စစ်ကောင်စီစခန်းတစ်ခုကို သိမ်းပိုက်လိုက်ရာ စစ်ကောင်စီက အနောက်‌တောင်တိုင်းစစ်ဌာနချုပ် (နတခ) မှနေ၍ စစ်ကူအင်အားဖြည့်‌နေရကြောင်း သိရသည်။

ဂွမြို့နယ်၊ ကုလားပြင်ကျေးရွာ (ရတနာမြိုင်) ရှိ စစ်ကောင်စီတပ်ဖွဲ့များကို ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့မှ စတင်ပြီး AA က ပိတ်ဆို့တိုက်ခိုက်နေရာ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို သိမ်းယူနိုင်ခဲ့ပြီး ယနေ့ အောက်တိုဘာ ၇ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

“ကုလားပြင်က ရဲစခန်းကို ပိတ်ဆို့ပြီးတိုက်နေတယ်လို့ သိထားတယ်။ တပ်ဆုတ်သွားတဲ့ အမြှောက် တပ်က ပုဂံတောင်ကနေ လက်နက်ကြီးတွေနဲ့ပစ်တာမှာ ကုလားပြင်နဲ့ ကိုင်းခုံက နေအိမ်တွေ မီးလောင် ပျက်စီးကုန်တယ်လို့သိထားပါတယ်။ တိုက်ပွဲကတော့ ဒီနေ့မနက်ထိ အပြန်အလှန် ပစ်ခတ်သံတွေ ကြားနေရတုန်းပဲတဲ့” ဟု ကုလားပြင်မှ စစ်ရှောင်လာသူအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက လေကြောင်းပစ်ကူများအပြင် ဧရာဝတီတိုင်းရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့များကို တိုက်ပွဲဖြစ်ပွားရာ ဂွမြို့နယ်သို့ စစ်ကူပို့လျက်ရှိကြောင်း သိရသည်။

ထို့အပြင် AA ၏ ထိုးစစ်ကြောင့် တပ်ဆုတ်ပြီး ပုဂံတောင်တွင် သွားရောက်တပ်စွဲနေသည့် စစ်ကောင်စီ အမြှောက်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးလျက်ရှိကြောင်း သိရသည်။

ကုလားပြင်မှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သည် ယနေ့ အောက်တိုဘာ ၇ ရက် နံနက် ၂နာရီ ၃၀မိနစ်ခန့်တွင် ကုလားပြင်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည့်အတွက် တံတားကျိုးကျသွားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် ကိုင်းခုံနှင့်ဆားချက်ရွာအနီး တိုက်ပွဲမှစ၍ AA က ထိုးစစ်အရှိန်မြှင့်တင်ပြီး ဂွမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်လာခြင်း ဖြစ်သည်။

အာရက္ခတပ်တော် (AA ) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ မာန်အောင်၊ မောင်တော၊ စစ်တွေ၊ ဂွမြို့နယ်များကို သာသိမ်းယူရန်ကျန်ရှိပြီး အမ်း၊ ဂွနှင့် မောင်တောရှိ စစ်ကောင်စီ တပ်များကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ပုံစာ- ကျိုးကျသွားသည့်ကုလားပြင်တံတား
#ဂွ #စစ်ကောင်စီ #အနောက်တောင်တိုင်းစစ်ဌာနချုပ် #စစ်ကူပို့ #Ayeyarwaddy_Times