ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်

စစ်ကောင်စီက ဖမ်းဆီးထားသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သတိလစ်မေ့မြောအနေအထားနှင့် ဆေးရုံတွင်ရောက်ရှိနေပြီး စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပြုသည်ဟု လာရောက်ဖတ်ပြသွားကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက မန္တလေးဆေးရုံကြီး MU 3 တွင် သတိလစ်အနေအထားဖြင့် ရောက်ရှိ နေသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့်စာ လာရောက်ဖတ်ပြသွားကြောင်း သိရ သည်။

“ဆေးရုံစတက်ကတည်းက သတိပါမလာတဲ့အနေ အထားလို့ သိထားတယ်။ နှစ်ရက်လောက်ရှိပြီ လုံးဝသတိပြန်မလည်လာဘူး။ ဘယ်သူ့ကိုမှ ဝင်တွေ့ခွင့်မပြုဘဲ ပိတ်ပင်တားမြစ်ထားတယ်။ မနက်ကပဲ လွတ်ငြိမ်းချမ်းသာခွင့် လာဖတ်ပြသွားတယ်လို့ သိထားပါတယ်”ဟု ဒေါက်တာဇော်မြင့်မောင်နှင့်နီးစပ်သူ အသိုင်းအဝိုင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မန္တလေးအိုးဘိုထောင်တွင် ထောင်ချခံထားရပြီး သွေး ကင်ဆာဝေဒနာခံစားနေရသည့် ဒေါက်တာဇော်မြင့်မောင်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သတိလစ် အနေအထားနှင့် ဆေးရုံကြီးသို့ခေါ်ဆောင်လာခြင်းဖြစ်ပြီး ယနေ့နံနက်တွင် လွတ် ငြိမ်းချမ်းသာခွင့်ပြုကြောင်း ဖတ်ပြခဲ့ခြင်းဖြစ်သည်။

သွေးကင်ဆာဝေဒနာခံစားနေရသည့် အသက် ၇၃ နှစ် အရွယ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အာဏာသိမ်းချိန်တွင် သဘာဝဘေးဥပဒေချိုးဖောက် မှု၊ အများပြည်သူတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်လုပ်ဆောင်မှု၊ ပုဒ်မ ၅၀၅ (ခ)၊ မဲမသမာ မှု ပုဒ်မ ၁၇၁ (စ)၊ ပုဒ်မ ၁၃၀ (က)အပါအဝင် အဂတိအမှု ၅ မှုနှင့် စုစုပေါင်း အမှု ၉ မှုဖြင့် ထောင် ဒဏ် ၂၉ နှစ်ချမှတ်၍အိုးဘိုထောင်တွင် ချုပ်နှောင်ထားခြင်းဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်သည် စစ်ကောင်စီ၏ ဖမ်းဆီးခံရချိန်တွင် ကင်ဆာဆေးသွင်း ကုသနေရသည့် အခြေအနေဖြစ်ပြီး ဖမ်းဆီး ထောင်ချခံရချိန်တွင်လည်း ထောင်အတွင်း၌ ကိုဗစ်ရောဂါကိုလည်း အပြင်းအထန်ခံစားခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို ‌၁၉၉၀ ခုနှစ်ကလည်း ဖမ်းဆီးပြီး ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခဲ့သောကြောင့် ၂၀၀၉ ခုနှစ်တွင်မှ ပြန်လည်လွတ်မြောက် လာကာ ၂၀၁၆ ခုနှစ်တွင် မန္တလေးတိုင်း ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်း၍ မတရားဖမ်းဆီးခဲ့သည်။

ပုံစာ-မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်

#မန္တလေး #ဒေါက်တာဇော်မြင့်မောင် #စစ်ကောင်စီ #လွတ်ငြိမ်းခွင့်ပေး #ဆေးရုံ #တင်ထားရ #သတိလစ် #မေ့မြောနေ
#Ayeyarwaddy_Times