
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ အောက်တိုဘာ ၆ ရက်)
” ယောက်ျားတို့ဘုန်း လက်ရုံး ၊ မိန်းမတို့ဘုန်း ဆံထုံး ” ဆိုတဲ့ ဆိုရိုးစကားတွေအရ ဆံကေသာဆိုတာ အမျိုးသမီးတွေ အတွက်အရေးပါတဲ့ စံပြုထားစရာဂုဏ် ဖြစ်ပါတယ်။
မိန်းမမြတ်တို့ရဲ့ ကောင်းခြင်း ငါးဖြာလက္ခဏာမှာ “ကေသကလျာဏ”- ဆံပင်၏ကောင်းခြင်းကို ထည့်သွင်းပြီး အလှဖော်ကျူး ကြပါတယ်။ မြန်မာအမျိုးသမီးတွေအတွက် ဆံပင်အပေါ်ကို မြတ်နိုး တွယ်တာ အလေးပေးခြင်းက အံ့မခန်းပါပဲ။
လည်ဆံမွေးရှည်တွေရှိတဲ့ ခြင်္သေ့ကိုတောင် “ကေသရာဇာ” ဆံပင်ကောင်းသောဘုရင် တောဘုရင်ရယ်လို့ ခေါ်ဝေါ်ကြတာ ကြောင့် မြန်မာတွေဟာ ဆံပင်ကို တန်ဖိုးထားတာ သိသာနေပါပြီ။ ခေတ်စနစ်အလိုက် အဆက်ဆက် ပေါ်ပေါက်ခဲ့တဲ့ ဂီတတွေမှာလည်း ဆံကေသာရဲ့ကောင်းမွန်ခြင်းကို သီချင်းတွေကို ရေးစပ် သီဆိုခဲ့ကြပါတယ်။
ဆံပင်ကို တန်ဖိုးထားကြတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ဦးရေပြား ကျန်းမာရေး စောင့်ရှောက်မှုကလည်းအဆင့် အတန်းမနိမ့်ခဲ့ပါဘူး။ ကိုယ့်ထီးကိုယ်နန်း ရှင်ဘုရင်ခေတ်အခါတုန်းက ခေါင်းဆေးမင်္ဂလာပြုပွဲတော်ကို ခမ်းခမ်းနားနား လုပ်ခဲ့ကြောင်း မှတ်တမ်းတွေ တင်ခဲ့ပါတယ်။
မြန်မာ့ရိုးရာ ” တရော်ကင်မွန်း” ခေါင်းလျှော်ရည် ဆိုတာလည်း ကျက်သရေမင်္ဂလာရှိပြီး အန္တရာယ်များ မကောင်းသောအဆိုးအညစ်များကို ဖယ်ရှားပြီးသော မြင့်မြတ်သန့်စင်သော ဆိုတဲ့အဓိပ္ပါယ်ကို ဆောင်ယူနေပါတယ်။
မသန့်တဲ့ အခြေအနေတစ်ခုကို တရော်ကင်မွန်းရည်ဖြင့် ဆေးကြောပြီး ဖယ်ရှားရမယ်ဆိုတဲ့ အတွေး အခေါ်မျိုးကို ကျွန်တော်တို့တွေရဲ့ စိတ်နှလုံးသားထဲမှာ စွဲစွဲနစ်နစ် အသုံးပြုလျက် ရှိနေတုန်းဖြစ်ပါတယ်။ခေါင်းလျှော်ရည်သို့မဟုတ်ရှန်ပူ (Shampoo)
နေ့စဉ် တစ်ကိုယ်ရည် သန့်ရှင်းသုံးပစ္စည်းတွေထဲမှာ ခေါင်းလျှော်ရည်လည်း ပါဝင်ပါတယ်။ တီဗီ ကြော်ငြာတွေ၊ ရေဒီယိုကြော်ငြာတွေ၊ သတင်းဂျာနယ်ကြော်ငြာတွေနဲ့ လမ်းဆုံလမ်းခွကြော်ငြာဆို င်းဘုတ်တွေမှာ အပြိုင်အဆိုင်ကြော်ငြာနေတဲ့ ခေါင်းလျှော်ရည်ကြော်ငြာမျိုးစုံကို တွေ့မြင်နိုင်ပါတယ်။
ရှန်ပူ ခေါင်းလျှော်ရည်ဆိုတာ ဆံပင်နဲ့ဦးရေပြား သန့်ရှင်းရေးအတွက် အသုံးပြုရတဲ့ ဆပ်ပြာဘ ရည်ပဲဖြစ်ပါတယ်။ ပစ်ချွဲချွဲအရည် ရှန်ပူလျှော်ရည်ကို ရေစွတ်စိုနေတဲ့ ဆံပင်နှင့်ဦးရေပြားကို သုတ်လိမ်း နှိပ်နယ်ကုတ်ခြစ် အမြုပ်များထစေပြီး ဆေးကြောသန့်ရှင်းပေးရပါတယ်။ ခေါင်းကိုရေစင်အောင် လောင်းပြီးပါက ဆံပင်ပျော့ဆေးကို ထပ်မံသုံးစွဲတာမျိုးလည်းရှိတတ်ပါတယ်။
ခေါင်းလျှော်လိုက်တဲ့အခါ ဦးရေပြား ဆံနွယ်ဆံသားအတွင်းမှာ ရှိနေတဲ့အညစ်အကြေးတွေ၊ ချေးညှော်တွေ၊ ချွေးစေးတွေ၊ အဆီတွေ၊ အနံ့ဆိုးတွေ ကင်းစင်သွားပြီး လူကိုစိတ်ကြည့်လင် လန်းဆန်းစေပါတယ်။
ဆံပင်အတွင်း ပေါက်ဖွားတတ်တဲ့ သန်း၊ မြှေး၊ လှေးများကိုလည်း ကင်းစင်စေပါတယ်။ တစ်ကိုယ် ရည်ကျန်းမာရေးအတွက် ရက်သတ္တပတ် (၇ရက်) မှာ အနည်းဆုံး တစ်ခါနှစ်ခါတော့ ခေါင်းလျှော် ပေးသင့်ပါတယ်။ရှန်ပူသမိုင်းကြောင်း(Shampoo)
ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ခြင်းအလေ့အထကို စတင်ခဲ့တာ အိန္ဒိယတိုက်ငယ် ကလို့ သိရပါတယ်။ အိန္ဒိယယဉ်ကျေးမှုရဲ့ လူနေမှု ဖွံ့ဖြိုးတိုးတက်လာခြင်းအတူ ဆပ်ပြာအာနိသင်ရှိတဲ့ ဘယ်ရီသီးများ ကိုပြုတ်ပြီး အခြားဘယ်ရီသီးအခြောက်များနှင့်ရောကြိတ်ကာ သစ်သီးသစ်ရွက် များပါထည့်သွင်းပြီး ခေါင်းလျှော်စရာပြုလုပ်ခဲ့ကြပါတယ်။ ခေါင်းလျှော်ခြင်း ခန္ဓာကိုယ်နှိပ်နယ်ခြင်းများကို အခမ်းအနား တစ်ခုသဖွယ်ပြုလုပ်ခဲ့ကြပါသတဲ့။
အရှေ့တိုင်းဒေသ မှာ ခေတ်စားပြီးမှ ခေါင်းလျှော်ရည် ဆိုတာ ဥရောပနိုင်ငံတွေကိုပျံ့နှံ့ပါတယ်။ ၁၈၁၄ မှာ အင်္ဂလန်နိုင်ငံမှာ ခေါင်းလျှော်ခြင်းနှင့် နှိပ်နှယ်ရေချိုးခြင်း ဝန်ဆောင်မှုပေးတဲ့ စီးပွားဖြစ်ဆိုင်တွေ စတင်ပေါ်ပေါက်လာရမှ ရှန်ပူခေါင်းလျှော်ရည်တွေဟာ ဥရောပကိုရောက်ရှိ ပျံ့နှံ့သွားတယ်လို့ မှတ်တမ်းတင်ထားကြောင်း မှတ်သားထားမိပါတယ်။
ယခု၂၁ရာစုအချိန်မှာတော့ လမ်းထိပ်ဈေးဆိုင်ထွက်လိုက်ရုံဖြင့် ရှန်ပူခေါင်းလျှော်ရည်အမျိုးအစား စုံစုံလင်လင်ရွေးချယ်ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ဦးရေပြားအမျိုးအစားနှစ်မျိုး
ဦးရေပြားခြောက်သွေ့တဲ့လူတွေနှင့် ဦးရေပြားအဆီပြန်တဲ့လူတွေ ဆိုပြီး လူတစ်ယောက်နဲ့ တစ်ယောက် ဦးရေပြားအမျိုးအစားမတူညီ ကွဲပြားပါတယ်။
ဦးရေပြားခြောက်သွေ့တဲ့လူတွေမှာ ဆံသားကို စိုထိုင်းဆ နှင့် ရေဓာတ် ဖြည့်ပေးရပါတယ်။ (Macadamia) မက်ကာဒါမီးယား သစ်မာသီးစေ့ ၊ လက်ဖက်စိမ်း ၊ ဝါး စတဲ့ သဘာဝထွက်ပစ္စည်းများ ပေါင်းစပ်ပါဝင်တဲ့ ခေါင်းလျှော်ရည်မျိုးသုံးပေးတာက ဆံသားအာဟာရပြည့်ဝပြီး ဦးရေပြားခြောက်သွေ့ ခြင်းကို သက်သာစေပါတယ်။
ဦးရေပြားအဆီပြန်တဲ့လူတွေအတွက်ကတော့ ဆံပင်ကိုသန်စွမ်းကြံ့ခိုင်စေတဲ့ အာနိသင်ရှိ ရှန်ပူတွေကို ရွေးချယ်သင့်ပါတယ်။ ထောပတ်သီး ဂျင်ဆင်း နှင် ဆံသားနက်မှောင်စေတဲ့ Keratin ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေက အထူးသင့်လျှော်ပါတယ်။ဦးရေပြားရောဂါနဲ့ခေါင်းလျှော်ရည်
ဆံပင်အကျွတ်အများသူတွေကတော့ တွေ့သမျှခေါင်းလျှော်ရည်ကို မသုံးသင့်ပါဘူး။ ဓာတုပစ္စည်း နည်းပါးတဲ့ခေါင်းလျှော် ရည်ကိုသာရွေးသုံးပေးပါ။ ဦးရေပြားကိုနှိပ်နယ်ပေးခြင်း ပြုလုပ်သင့်ပါတယ်။
ဆံပင်အကွက်လိုက်ကျွတ်ပြီး ဦးရေပြား ပေါ်နေသူတွေကလည်း ဓာတုပစ္စည်းများတဲ့ ခေါင်းလျှော်ရည်တွေကိုရှောင်သင့်ပါတယ်။ ဦးရေပြားပေါ်အစက်ချဆေးဝါးကို ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းသာ စနစ်တကျသုံးသင့်ပါတယ်။
ကလေးသူငယ်များရဲ့ ဆံသားနုနုလေးတွေအတွက် အထူးထုတ်ထားတဲ့ ကလေးခေါင်းလျှော်ရည် များကိုသာ ရွေးချယ်ပေးပါ။ ကလေးငယ်သုံးခေါင်းလျှော်ရည်များက ဓာတုပစ္စည်ပြင်းပြင်းနှင့် မွှေးရနံ့တွေ လျော့ချထားရတာဖြစ်ပါတယ်။ အန္တရာယ် ကင်းစွာစိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။
ဦးရေပြားမှာဗောက်ထခြင်းအတွက် မှိုသေစေသောဆေးဝါးများထည့်သွင်းပြုလုပ်ထားတဲ့ ခေါင်းလျှော် ရည်ကို စနစ်တကျရွေးချယ်သုံးရပါမယ်။
ဘယ်လိုပဲခေါင်းလျှော်ရည်သုံးသည်ဖြစ်ပါစေ။ အရေးကြီးဆုံးကတော့ ခေါင်းလျှော်ပြီးပါက ဆံပင်တွေ ခြောက်သွေ့အောင် သုတ်ရပါမယ်။ ဆံပင်ရေစိုခြင်းကြောင့် အအေးမိဖျားနာခြင်းမဖြစ် ရအောင် ဂရုစိုက်ဖို့ သတိပေးပါရစေ။
ခေါင်းလျှော်ရည်သုံးပြီး ကြုံတွေ့ရတဲ့ ကျန်းမာရေးပြသနာများကို အရေပြားနှင့်အလှအပကုသပေးနေတဲ့ ဆရာဝန်များကိုတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ အားလုံးရဲ့ဆံကေသာတွေ ကျန်းမာပြီးလှပကျော့ရှင်း ကြပ်စေ။
နောက်တစ်ပတ်မှာတော့ ရေကြီးရေလျှံအပြီးဖြစ်တတ်သော ခြေထောက်ရေဝဲစားခြင်း အကြောင်း အရာကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဧရာ၀တီတိုင်းမ်ရဲ့ ကြည့်ရှုနေသူများနဲ့ စာဖတ်ပရိသတ်များ အားလုံးကို ကျေးဇူးတင်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ဆံကေသာနှင့်ခေါင်းလျှော်ရည် #အမျိုးသမီးနှင့်အလှအပရေးရာ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times