ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ရက်

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့နယ်ထဲတွင် တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများ အမ်းမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာကြကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၆ ရက်တွင်လည်း အမ်းမြို့နယ် မဲတောင်ကြော အနီးတဝိုက်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းကို AAက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

“စက်တင်ဘာ ၃၀က AAပစ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေ နပခထဲကျပြီး အတော်ထိကုန်တယ် ပြောတယ်။ ဒုတိုင်းမှူးတောင်နေရာ ရွှေ့သွားပြီလို့ ကြားထားတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အမ်းမြို့နယ် ကျောက်စကွဲကျေးရွာ၏ အနောက်ဘက် မီတာ ၄၀၀ ခန့်အကွာအဝေးတွင် စစ်ကောင်စီ၏ အမှတ်(၅) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) လက်အောက်ခံ ခမရ (၃၄၆၊ ၃၇၃၊ ၃၇၂) တပ်ရင်းများ စုပေါင်းထားသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းတစ်ခုနှင့် AA တို့သည် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့က စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

နှစ်နာရီနီးပါးကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ အလောင်း ငါး လောင်း၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့‌ကြောင်း AA က ထုတ်ပြန်သည်။

ထို့အတူ စက်တင်ဘာ ၂၇ ရက်နေ့၊ နံနက် ၁၀နာရီခန့်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သော‌ ကျောက်စကွဲကျေးရွာအနီး ပတ်ဝန်းကျင်၌ ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များ အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီနှင့် AA တို့ မီးလောင်ချောင်းကျေးရွာအနီး ရာဘာတောထဲတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ခန့်သေဆုံးပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းမှ လက်နက်ကြီး ပစ်ကူများ ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

AAအနေဖြင့် စစ်ကောင်စီ၏ နပခ ဌာနချုပ်ကို ဦးတည်၍ လက်နက်ကြီးများဖြင့်ပစ်ခတ်လျက်ရှိပြီး စစ်ကောင်စီ၏ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ ထပခ ၉၂၆အနီးအထိ နယ်မြေထိန်းချုပ်မှု ရယူထားကြောင်း သိရသည်။

စစ်ကောင်စီက မဲတောင်ကြောအနီးတဝိုက်နှင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီး များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်သည့်အတွက် မီးလောင်ချောင်း၊ ကျောက်စကွဲ၊ ရွာသာယာ စသည့် ကျေးရွာများမှ ရာနှင့်ချီသည့်ဒေသခံများသည် အမ်းမြို့ပေါ်သို့ စစ်ဘေးရှောင် ထွက်ပြေးလာရကြောင်း သိရသည်။

အမ်းမြို့ပေါ်သို့ ရောက်ရှိလာသည့် စစ်ရှောင်ပြည်သူများကို ကူညီမည့်သူမရှိဘဲ မြို့တွင်းရှိ ဘုန်းကြီးကျောင်းများနှင့် ခရစ် ယာန်ဘုရားကျောင်းများတွင် ယာယီစစ်ရှောင်နေ‌ထိုင်နေရကြောင်း သိရသည်။

#အမ်း #စစ်ကောင်စီ #AA #တိုက်ပွဲဖြစ် #ဒေသခံများ #စစ်ရှောင် #Ayeyarwaddy_Times