ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းနှင့်အိန္ဒိယနိုင်ငံအပါအဝင် အနောက်ဘင်္ဂလားပြည်နယ်တို့တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဆက်လက်တည်ရှိနေပြီး တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။

ယနေ့ ( စက်တင်ဘာ ၅ ရက်) မှ ၆ ရက်နေ့အတွင်း အဆိုပါလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စစ်ကိုင်းတိုင်း ( အထက်ပိုင်း)၊ ကချင်ပြည်၊ ချင်းပြည် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းပါဝင်သည်။

အဆိုပါတိုင်းနှင့်ပြည်နယ်ရှိ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍မိုးကြီးခြင်းနှင့် အတူလေပြင်း တိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်းသိရသည်။

“ မိုးများနိုင်တဲ့ဒေသတွေထဲမှာ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ နာဂဒေသတွေမှာဘဲ မိုးများနိုင်ပါတယ်။ စိုးရိမ်ရတဲ့အခြေအနေရှိနိုင်ပါတယ်” ဟု မိုးလေဝသနှင့်ဇလဗေဒပညာရပ်ကိုလေ့လေနေသူ အရပ်ဘက်ပညာရှင် ဦးဝင်းနိုင်က ပြောကြားထားသည်။

လက်ရှိသီတင်းပတ်သည် မုတ်သုံဆုတ်ခွာချိန်ဖြစ်၍ ရခိုင်၊ ချင်း၊ စစ်တိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးကြီးသည်းထန်မှုတစ်ကျော့ပြန်ကြုံတွေ့နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုအန္တရာယ် များဖြစ်ပေါ်နိုင်ပြီး ကုန်းမြင့်ဒေသအနီးနှင့် မြစ်ငယ်ချောင်းငယ်များအနီးနေထိုင်သူများ သတိပြုနေထိုင်ရန်လိုအပ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။

ယင်းအပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် လေးပေမှ ခုနှစ်ပေခန့်ရှိ နိုင်ကြောင်းပါဝင်သည်။

ဓာတ်ပုံ – မိုး/ဇလ
#လေဖိအားနည်းရပ်ဝန်း #စစ်ကိုင်းအထက်ပိုင်း #ချင်း #ကချင် #ရခိုင် #မိုးကြီးသည်းထန်နိုင် #ရေကြီးမြေပြို #သတိပြုရန် #Ayeyarwaddy_Times