နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စစ်ကောင်စီကလေကြောင်းထိုးစစ် အရှိန်မြှင့်၍ အလုံးစုံပျက်စီးရေးကို ဦးတည်တိုက်ခိုက်နေကြောင်း စစ်ရေးသုံးသပ်သူများက သုံးသပ်ပြောဆိုကြသည်။

အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ဆုံးရှုံး နယ်မြေဖြစ်သော လားရှိုးမြို့ကို ပြန်လည်ရရှိရေးအတွက် လေကြောင်းထိုးစစ် အရှိန်မြှင့်၍ နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့ရာ ယနေ့ အောက်တိုဘာ ၅ ရက်၊ နံနက်တွင်လည်း ကွန်ပျူတာတက္ကသိုလ်အား ဗုံးသုံးကြိမ် ကြဲသွားကြောင်း သတင်းများအရ သိရသည်။

ထို့အပြင် ယမန်နေ့ကလည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးလေးလုံး ကြဲချခဲ့သဖြင့် ရပ်ကွက် (၅)ရှိ ကွမ်ရင် တရုတ်ဘုရားကျောင်းနှင့် ရပ်ကွက် (၈)ရှိ အဆောက်အအုံများ ပျက်စီးကာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကိုးကန့်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

“စစ်ကောင်စီက သူတို့ဆုံးရှုံးပြီး နယ်မြေတွေမှာ ပြည်သူတွေလည်း နေလို့မရအောင် မြို့ရွာတွေ ပြည်သူ့အိုးအိမ် အဆောက်အအုံတွေကို အဓိကထားပြီး ဖျက်ဆီးနေတယ်။ မနာလိုစိတ်နဲ့ အကြောင်းမဲ့ တွေ့ရာမြင်ရာ ဖျက်ဆီးနေတာ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် လားရှိုးမြို့ရှိ ပြည်သူများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး သုံးလအတွင်း ကိုးကန့်တပ် ထိန်းချုပ်ထားသည့် လားရှိုးမြို့အပါအဝင် အထူးဒေသ (၁) ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီက လေကြောင်း ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေမှု၏ စစ်ရေး ရည်မှန်းချက်ကို မပြောနိုင်သော်လည်း ကိုးကန့်တပ် (MNDAA) အုပ်ချုပ်၍ မရနိုင်အောင် အနိမ့်ဆုံး လုပ်ဆောင်နေကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ တစ်ဦးက ဆိုသည်။

“အနိမ့်ဆုံးကတော့ ကိုးကန့်တွေ အုပ်ချုပ်လို့ မရနိုင်အောင်နဲ့ အချို့သတင်းတွေအရ ကိုးကန့်အင်အားပြုန်းအောင် တိုက်ခိုက်နေတာဖြစ်မယ်။ လူထု၊ အခြေခံ အဆောက်အအုံ ထိခိုက်မှုတွေကို လျစ်လျူရှူ့လို့ မရနိုင်ဘူး” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ယခုနှစ် ပြီးခဲ့သော ဇူလိုင်မှ စက်တင်ဘာအထိ သုံးလအတွင်း ကိုးကန့်တပ် ထိန်းချုပ်ထားသည့် လားရှိုးမြို့အပါအဝင် အထူးဒေသ (၁) နယ်မြေကို လေကြောင်းမှ (၂၅) ကြိမ် တိုက်ခိုက်ခဲ့ရာ လူ ၃၁ ဦး သေဆုံး၍ ၉၀ ကျော် ဒဏ်ရာရရှိခဲ့ဟု MNDAA က ထုတ်ပြန်ထားသည်။

“လက်ရှိအခြေအနေအရ ဒီလေကြောင်း တိုက်ခိုက်မှုတွေ များလာတဲ့အတွက် တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေက စစ်ကောင်စီကို စစ်မျက်နှာ အသစ်တွေနဲ့တန်ပြန်တိုက်စစ် လုပ်လာလိမ့်မယ်လို့ ယူဆပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး နှစ်ကြိမ်ကြောင့် လောက်ကိုင်၊ လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)အပါအဝင် ရှမ်းမြောက်ရှိ မြို့နယ် ၂၀ ကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ထို့နောက် ၎င်းတို့စစ်ရှုံး အထိနာစေသည့် ကိုးကန့်တပ် (MNDAA) အပါအဝင် ညီနောင်သုံးဖွဲ့ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာပြီးနောက် စစ်ရေးပစ်မှတ် မဟုတ်သော နေရာများပါ လေကြောင်း တိုက်ခိုက်မှုများ အရှိန်ဟုန်မြှင့် လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ- MNDAA
#စစ်ကောင်စီ #လားရှိုးမြို့ #လေကြောင်းထိုးစစ် #အရှိန်မြှင့် #အလုံးစုံပျက်စီးရေး #လုပ်ဆောင် #Ayeyarwaddy_Times