
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်
စစ်ကောင်စီသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ငွေကျပ် ၁၅၀ ဘီလီယံမတည်ပြီး ဘဏ် ၁၅ ခုမှ တဆင့် လုပ်ငန်းများကို ချေးငွေပေးမည်ဖြစ်ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ နိုင်ငံတော်မှ ငွေကျပ် ၁၅၀ ဘီလီယံကို မြန်မာ့စီပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တို့အပါအဝင် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်တို့မှ တဆင့် အတိုးနှုန်းဖြင့် ချေးငွေယူနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။
ထို့ပြင် နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များက ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ချေးငွေအဆိုပြုလွှာ၊ တင်ပြရမည့် အထောက်အထားများနှင့် ချေးငွေထုတ်ချေးမည့် လုပ်ငန်းစဉ်အဆင့်ဆင့်များရှိကြောင်း သက်ဆိုင်ရာဘဏ်များထံမှ သိရသည်။
အဆိုပါချေးငွေလျှောက်ထားလိုသည့်လုပ်ငန်းများအတွက် စံသတ်မှတ်ချက် ခုနစ်ချက်ရှိပြီး စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတွင် SME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ မှတ်ပုံတင်ထားပြီးသူ (သို့မဟုတ်) SME Member Card ရရှိပြီးသူ ဖြစ်ရမည်ဖြစ်သည်။
ထို့ပြင် MSME လုပ်ငန်းတစ်ခုသို့ အများဆုံးထုတ်ချေးမည့်ပမာဏတွင် SME ဥပဒေသတ်မှတ်ချက်ပါ အသေးစားစီးပွားရေးလုပ်ငန်းများသို့ အများဆုံး ကျပ် (၁၀)သန်း၊ အငယ်စားစီးပွားရေးလုပ်ငန်းများသို့ အများဆုံးကျပ် (၅၀)သန်းနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသို့ အများဆုံးကျပ်(၁၀၀)သန်း ထုတ်ချေးနိုင်မည်ဖြစ်သည်။
စစ်ကောင်စီသည် ပြည်တွင်းထုတ်ကုန်များထုတ်ပြီး ပို့ကုန်အဖြစ် ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေရရှိပြီး နိုင်ငံ၏ GDP လည်း တိုးတက်လာမည်ဖြစ်ကာ ကျေးလက်နေပြည်သူလူထုတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုဖန်တီးပေးနိုင်မည်ဖြစ်သလို လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလေ့ရှိသည်။
ယင်းပြင် ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်တို့မှ အဆိုပြုထားသည့် ထုတ်ကုန်အမယ် ၁၀၇ မျိုးကို Action Plan ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း စစ်ခေါင်းဆောင်က အမြဲပြောကြားလေ့ရှိသည်။
ဓာတ်ပုံ – MOI
#MSME #ဘဏ်၁၅ခု #ချေးငွေပေးမည် #နိုင်ငံတော်မတည်ငွေကျပ်၁၅၀ဘီလီယံ #Ayeyarwaddy_Times