အယိုက်လင်း/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့ အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ကူပေးနေကြောင့် ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်ထံက သိရှိရသည်။

ယမန်နေ့ အောက်တိုဘာလ ၄ ရက် မနက်အစောပိုင်းမှစ၍ ထန်တလန်မြို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီသည် ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တို့ဖြင့် ဗုံးအလုံးရေး (၆၀) ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် စစ်ကောင်စီ၏ ဟားခါးအခြေစိုက် ရုန်းတောင် တပ်စခန်းကုန်းကလည်း ၁၂၂ မမ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ကူပေးနေသည်ဟုဆိုသည်။

“မနေ့က တိုက်ပွဲက အပြင်းထန်ဆုံးလို့ ပြောရတယ်။ စစ်ကောင်စီက ဗုံးအလုံးရေ ၆၀ ကျော်နဲ့ တိုက်ခိုက်တယ်။ ဟားခါးကနေလည်း တစ်နေကုန် တောက်လျောက် ပစ်ကူပေးနေတယ်” ဟု ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီက မနက် ကိုးနာရီခန့်တွင် ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးနှစ်လုံး၊ မနက် ၁၁ နာရီဝန်းကျင်တွင် Y12 လေယာဉ်နှင့် ဗုံးအလုံးရေ ၆၀ ကျော်နှင့် မွန်းလွဲ တစ်နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့် မြေပြင်လက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်အချို့ ထိခိုက်ကျဆုံးမှုရှိကြောင်း သိရှိရသည်။

“တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်အကျဆုံးမှုများလို့ လေကြောင်းကနေ တိုက်ခိုက်တာဖြစ်တယ်။ အဲ့ဒီ လေကြောင်း တိုက်ခိုက်မှုမှာ ကျွန်တော်တို့ဘက်က ရဲဘော်တွေ ထိခိုက်အကျဆုံးအချို့ရှိတယ်။ ပြောမယ်ဆိုရင် မနေ့က တိုက်ပွဲတွင်း နှစ်ဖက်အကျဆုံးမှုရှိတယ်” ဟု ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအပြင် ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီက Y12 လေယာဉ်ဖြင့် လက်နက်ခဲယမ်းနှင့် ရိက္ခာ ဟုယူဆရသည့် အထုပ်ကြီး ၁၀ ထုပ်ချသွားပေးကြောင်းလည်း သိရသည်။

ထန်တလန်မြို့ တိုက်ပွဲတွင် အသက် (၁၉)နှစ်အရွယ် CDF (ဇိုဖေ) ရဲဘော် ဆလိုင်းရမ်မွှန်ထန်း ကျဆုံးကြောင့် ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#ထန်တလန်မြို့ #တိုက်ပွဲပြင်းထန် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #Ayeyarwaddy_Times