
ဧရာဝတီတိုင်းမ်
(ရွှေတောင်)၊ အောက်တိုဘာ ၅ ရက်
ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်တွင် လူဦးရေစာရင်းများ လိုက်လံကောက်ယူနေသည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ယမန်နေ့ အောက်တိုဘာ ၄ ရက်နေ့က ရွှေတောင်(ပကဖ) အထူး တိုက်ခိုက်ရေးအဖွဲ့မှ အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီက ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ သန်းခေါင်စာရင်းများ ကောက်ယူနေခြင်းဖြစ်ပြီး ကောက်ယူရာတွင်လည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် လုံခြုံရေးအပြည့်ဖြင့် ကောက်ယူခြင်းဖြစ်ကာ ယွန်းတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာတွင် နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အာ့လို လုံခြုံရေးတွေချထားမှန်း သိလို့ နှစ် ရက်ကြိုပြီး စီစဥ်ခဲ့ရတယ်ဗျ။လက်နက်ငယ် တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ အမျိုးသမီးတစ်ဦး ပါဝင်နေလို့ တစ်မျိုးထပ်စီစဥ်ခဲ့ရတယ်။ သန်ခေါင်စာရင်း ကောက်တဲ့ ယွန်းတန်းအုပ်ကြီးနှင့်အဖွဲ့မှာ အမျိုးသမီးတစ်ဦး ကျောင်းဆရာမ လို့ယူဆရတဲ့ သူပါလို့ မဆွဲခဲ့ရပဲ အဲ့ဒီအမျိုးသမီးနှင့် လွတ်ကင်းမှ ဆွဲခဲ့ရတယ်ဗျ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များမှာ ရွှေတောင်မြို့ပေါ်ရှိ ရပ်ကွက် သုံးခုလုံးတွင် သန်းခေါင်စာရင်းလိုက်လံကောက်ယူနေသည့် အုပ်ချုပ်ရေးမှူးနှင့် သန်းခေါင်စာရင်း ကောက်သည့် အဖွဲ့ သုံးဖွဲ့လုံးကို တိုက်ခိုက် အရေးယူရန် လုပ်ဆောင်ခဲ့သော်လည်း ကလေးငယ် နှင့် သက်ကြီးရွယ်အိုများရှိနေသည့်အတွက် ယွန်းတန်းအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကိုသာ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီသည် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူရန် ကြိုးပမ်းနေပြီး စာရင်းစစ်၊ စာရင်းကောက် ၄၂၀၀၀ ဝန်းကျင်အသုံးပြုနိုင်ရန် ပြုလုပ်ထားကြောင်းသိရသည်။
ထိုသို့ စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင်ပါဝင်သူများကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း တော်လှန်တပ်ဖွဲ့အများစုမှလည်း သတိပေးထုတ်ပြန်ထားကြသည်။
ဓာတ်ပုံ – လူမှုကွန်ယက်
#ရွှေတောင် #ယွန်းတန်းရပ်ကွက်#စစ်ကောင်စီ #သန်းခေါင်စာရင်းကောက်ယူ #တိုက်ခိုက်ခံရ #Ayeyarwaddy_Times