နိုင်း/ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၅ ရက်

ထိုင်း-မြန်မာနယ်စပ်က ရွှေ့ပြောင်းလာသူတွေရဲ့ သားသမီးတွေတက်တဲ့‌ ကျောင်းတွေမှာ ပြောင်းရွှေ့ ကျောင်းတက်တဲ့ ကလေးဦးရေဟာ ယခု ၂၀၂၄ စာသင်နှစ် အတွင်းမှာတော့ ယခင်နှစ်ကထက် နှစ်ဆ နီးပါးများလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီက စတင် ထုတ်ပြန်ခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စစ်မှုထမ်းဥပဒေအပါအဝင် စစ်ဖြစ်ပွားတဲ့ ပဋိပက္ခဒေသ ကျယ်ပြန့်လာတာနဲ့ အမျှ ကျောင်းနေအရွယ် ကလေးအများစု အထူးသဖြင့် တိုင်းရင်းသားဒေသတွေက ကလေးအများစုဟာ နယ်စပ်ဒေသ‌တွေမှာ ဖွင့်လှစ်ထားတဲ့ ရွှေ့ပြောင်းကျောင်းတွေမှာ ပြောင်းရွှေ့ ကျောင်းတက်လာကြတာပဲ ဖြစ်ပါတယ်။

“ညီမတို့ကျောင်းက ပြီးခဲ့တဲ့နှစ်ကအထိ မူလတန်းကျောင်းပဲ။ ဒီနှစ်မှာ အလယ်တန်းအထိလက်ခံပြီး ကျောင်းကို တိုးချဲ့လိုက်တယ်။ ကျောင်းသားဦးရေက နှစ်ဆနီးပါတက်လာတာ။ တခြားကျောင်း တွေက ပြောင်းလာတာကော၊ မြန်မာပြည်ဘက်ကကလေးတွေကော” လို့ မဲဆောက်အခြေစိုက် ရွှေ့ပြောင်း ကျောင်းတစ်ခုမှ ဆရာမတစ်ဦးက ပြောပါတယ်။

ယခင်နှစ်တွေက ကျောင်းသားပေါင်း ၃၀၀ ဝန်းကျင်ရှိတဲ့ သူတို့ကျောင်းဟာ ယခုနှစ်မှာတော့ ကျောင်းသားပေါင်း ၇၀၀ ဝန်းကျင်အထိ ရှိလာခဲ့ပြီး ကျောင်းအပ်နှံသူနှစ်ဆနီးပါး များလာတာပဲ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ဖေဖော်ဝါရီ နောက်ပိုင်း ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေများပြားလာပါတယ်။

အဲ့ဒီလို များပြားလာတာနဲ့အမျှ သူတို့ရဲ့မိသားစုတွေ အဓိက အားဖြင့် ကျောင်းနေအရွယ် ကလေး တွေကိုပါ ထိုင်းနိုင်ငံထဲခေါ်ဆောင်လာပြီး ပညာဆက်လက်သင် ကြားစေခဲ့တဲ့အတွက် ‌မြန်မာ ရွှေ့ပြောင်းကျောင်းတွေမှာ ကျောင်းသားဦးရေပိုမို မြင့်တက်လာတယ်လို့ သိရပါတယ်။

“ခါတိုင်းဆို ကျွန်တော်တို့ဆီ မှာရှိတဲ့ကလေးတွေ ရှစ်တန်းအောင်ရင် မိဘတွေကမြန်မာပြည်ထဲမှာ ကိုးတန်းသွားထားတယ်။ တိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်နေတော့ အဓိကက နယ်စပ်ဒေသမှာရှိတဲ့ အလုပ်သမား ကလေးတွေတင်မကတော့ဘူး။ ပြည်တွင်းမှာ စစ်ကိုင်းတို့ မကွေးတို့ဘက်က ကလေးတွေပါ အုံနဲ့ကျင်းနဲ့ရောက်လာတယ်။ စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီးတဲ့အချိန်မှာ လူငယ်တွေ ပိုများလာ‌တာတွေ့ရတယ်” လို့ FED ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ဆိုပါတယ်။

ဦးထူးချစ်ဟာ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED- Foundation for Education and Development) ကို တည်ထောင်သူဖြစ်ပါတယ်။

FED ဆိုတာ ထိုင်းနိုင်ငံထဲက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ သူတို့ရဲ့မိသားစုဝင်တွေရဲ့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေး ကိစ္စတွေကို အကူအညီပေး ထောက်ပံ့နေတဲ့ ထိုင်း တောင်ပိုင်းအခြေစိုက် ပညာ‌ရေးဖောင်ဒေးရှင်းတစ်ခုပဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း စစ်မှုမထမ်းမနေရ ဥပဒေကြောင့် စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ပဲခူး၊ မွန် စတဲ့ဒေသတွေအပြင် ကရင်၊ တနင်္သာရီ စတဲ့ နယ်စပ်‌ဒေသတွေက အလယ်တန်း၊ အထက်တန်းအရွယ် ကျောင်းသား၊ ကျောင်းသူတွေဟာ ထိုင်းနိုင်ငံထဲက နီးစပ်ရာ ရွှေ့ပြောင်း ကျောင်းတွေမှာ ပြောင်းရွှေ့ကျောင်းတက်လာကြတဲ့အတွက် ယခင်နှစ်တွေထက် ကျောင်းသားဦးရေ ပိုမိုများပြား လာရတယ်လို့လည်း သိရပါတယ်။

“အထက်တန်းတွေဆို အခန်းတွေတိုးချဲ့ရတယ်။ ကလေးတွေက သူတို့ဘာသူတို့ လာနေကြတာ။ ကျောင်းအဆောင်မှာနေကြတယ်။ မိဘတွေကတော့ ပြည်တွင်းမှာ။ နောက်ပြီး အိမ်ခန်းတွေ ငှားပြီးစုပြီးနေကြတာ။ ပိုထူးခြားတာက အခုကျောင်းလာတက်တဲ့ကလေးတွေက စစ်ဖြစ်တဲ့ ဒေသတွေအပြင် အများစုက ဧရာဝတီဘက်ကပါ လာတက်ကြတာ” လို့ မဲဆောက်မြို့အခြေစိုက် ရွှေ့ပြောင်းကျောင်းတစ်ခုဖြစ်တဲ့ ခွဲကဘောင်ကျောင်းက ဆရာတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်အောက်မှာ ပညာသင်ကြားလိုခြင်းမရှိတဲ့အတွက် အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM- Civil Disobedience Movement) ပြုလုပ်ပြီး ကျောင်းတက်ရောက် ခြင်းမရှိတဲ့ ကလေးတွေဟာလည်း စာသင်ကျောင်းနဲ့ သုံးနှစ် ကျော်ကြာ ဝေးကွာလာပြီ ဖြစ်တဲ့အတွက် ပြည်ပထွက်ခွာ ပညာသင်ကြားမှုတွေ လုပ်ဆောင်လာကြပါတယ်။

အဲ့ဒီအထဲကမှ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းကျောင်းတွေကို မိဘအုပ်ထိန်းသူ‌တွေက ပြောင်းရွှေ့ ကျောင်းတက်စေခြင်းတွေလုပ်ဆောင်လာတာကလည်း ယခုစာသင်နှစ်အတွင်း ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်း စာသင်ကျောင်း‌တွေမှာ ကျောင်းသားလူဦးရေများပြားလာရခြင်းရဲ့ အကြောင်းအရင်း တွေထဲက တစ်ခုဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ မြို့တွေမှာ ဖွင့်လှစ်ထားတဲ့ မြန်မာရွှေ့ပြောင်းကျောင်း ပေါင်း ၁၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

အဲ့ဒီကျောင်းတွေဟာ ထိုင်းနိုင်ငံဥပဒေနဲ့အညီ ဖွင့်လှစ်ထားတဲ့ သင်ကြားရေးစင်တာတွေအပြင် ကျောင်းသား လိုအပ်ချက်တွေအရ တစ်နိုင်တစ်ပိုင် ဖွင့်လှစ်ထားတဲ့ စင်တာတွေလည်းပါတယ်လို့ မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်းကျောင်း ဆရာဆရာမတွေ ဆီက သိရပါတယ်။

“အာဏာစသိမ်းထဲက ကလေးကို ကျောင်းမထားတော့ဘဲ ကျောင်းသား CDM လုပ်ထားတာပါ။ မိဘက တက်သလောက်ပဲ သင်ပေးထားရတာပေါ့။ တော်လှန်ရေး ကလည်းနှစ်ရှည်လာတာကြောင့် ကလေး အသက်ကြီးလာရင် ပညာပါမတက်ဘဲ အနာဂတ်မဲ့နေမယ်လေ။ ဒါကြောင့် ထိုင်းဖက်ခေါ်လာပြီး ကျောင်းထားရတာပါ” လို့ ယခုစာသင်နှစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပြောင်းရွှေ့ကာ ပညာသင်ခဲ့တဲ့ ကျောင်းသား မိဘတစ်ဦးက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါအပြင် စစ်ကောင်စီက အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်တာကာလကို ရေတွက်မည် ဆိုပါက ကျောင်းသားလူငယ် အများစုဟာ လေး၊ ငါးနှစ် ကာလဝန်းကျင် ကျောင်းနဲ့ ကင်းကွာနေခဲ့ ရပါတယ်။

ထိုင်းနိုင်ငံထဲက ကျောင်းတွေမှာ လာတက်တဲ့ အခါမှာလည်း ပုံမှန် မြန်မာအစိုးရသင်ရိုးတွေ သင်ပေးနိုင်တဲ့ ကျောင်းတွေကို တက်ဖို့ အခက်အခဲရှိသလို ထိုင်းစာမတတ်တဲ့အတွက်ကြောင့်လည်း ထိုင်းကျောင်းတွေမှာ တက်ရောက်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံထဲမှာ ‌ယခုလို မြန်မာရွှေ့ပြောင်း ကျောင်းသား ဦးရေများလာတဲ့နဲ့အတူ ကျောင်းသားနဲ့ ကျောင်း‌ဆောင် မမျှ မတဖြစ်လာတာတွေ၊ တရားဝင် စာသင်ကျောင်းမဟုတ်တဲ့အတွက် ကျောင်းပိတ်သိမ်းခံရတာတွေ စတဲ့ အခက်အခဲတွေလည်း ကြုံတွေ့လာရပါတယ်။

“Education For All ပညာရေးသည် အားလုံးအတွက် ဖြစ်ရမည် ဆိုပေမယ့်လည်း ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေရဲ့ ကလေးငယ်များ စဥ်ဆက်မပြတ်ပညာသင်ယူနိုင်ရေးအတွက် ထိုင်းကျောင်း တွေမှာ ပညာသင်ယူဖို့ အင်မတန်ခက်ခဲလှပါတယ်။ မြန်မာရွှေ့ပြောင်းကျောင်းတွေ အပိတ်မခံရအောင် ကျွန်တော်တို့ဘက်က စနစ်တကျပြင်ဆင်ရမယ်။ ပွင့်လင်းမြင်သာမှုရှိရမယ်။ ထိုင်းအစိုးရက သတ်မှတ် ပြဌာန်းထားတဲ့ဥပဒေနဲ့ အညီ လိုက်နာကျင့်သုံးရမယ်” လို့ ဘန်ကောက်အခြေစိုက် မြန်မာရွှေ့ပြောင်း ကျောင်းတာဝန်ခံဆရာတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ စူရတ်ဌာနီ ဒေသတွင်းက မြန်မာရွှေ့ပြောင်း ကလေးငယ် ၁၀၀၀ ကျော် ပညာသင်ကြားနေတဲ့ စာသင်ကျောင်းတစ်ကျောင်းကို ထိုင်းပညာရေး ဝန်ကြီးဌာနကပိတ်သိမ်းခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဥပဒေအရ တည်ထောင်ဆောက်လုပ်ခွင့်မရှိဘဲ လုပ်ဆောင်နေတာကြောင့် လုပ်ငန်း အားလုံးကို ရပ်နား ပိတ်သိမ်းထားလိုက်ပြီး စူရတ်ဌာနီဒေသထဲမှာ ကျောင်းပေါင်း ခြောက် ကျောင်းအထိ ပိတ်သိမ်းခြင်း ခံထားရတယ်လို့ သိရပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရသူတွေ၊ အလုပ်ကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ပြောင်းရွှေ့အလုပ်လုပ်ကိုင်ကြတဲသူတွေ၊ နဂိုရှိပြီးသားရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးထောင်ချီဟာ အခုလို ကျောင်းတွေပိတ်သိမ်းခံလိုက်ရတဲ့အတွက် ပညာသင်ကြားခွင့်တွေ ဆုံးရှုံးခဲ့ရပါတယ်။

“လူငယ်တွေကို တိုင်းပြည်ကနေ စွန့်ခွာဖို့ မီးမောင်းထိုးပြတာက စစ်မှုမထမ်းမနေရ ဥပဒေပဲ။ မိဘတွေ ကိုယ်တိုင်ကလည်းပဲ သားသမီးကို စစ်မှုမထမ်းစေချင်ဘူး။ လူငယ်တွေကလည်း ကိုယ့်အချင်းချင်း တိုက်ခိုက်နေတဲ့ ပြည်တွင်းစစ်မှာ မပါချင်ဘူး။ အဲ့ဒီအခြေခံ နှစ်ရပ် ပေါ်မှာ အခြေခံပြီးတော့ မြန်မာ လူငယ်တွေ နိုင်ငံကထွက်နေတာ နေ့တိုင်းပဲလို့ ပြောရင်ရတယ်” လို့ ဉီးထူးချစ်က ဆိုပါတယ်။

အကြောင်းအမျိုးမျိုးကြောင်း ထိုင်းနိုင်ငံကို ပြောင်းရွှေ့လာတဲ့ လူဦးရေ များပြားလာတဲ့အတွက် အလုပ်ကိုင်ရှားပါးလာခြင်းနဲ့ စားဝတ်နေရေးကျပ်တည်းလာမှုကိုလည်း ရင်ဆိုင်နေကြရပါတယ်။

ဒါကြောင့် စာသင်ကျောင်းတွေကနေထွက်ခွာပြီး လုပ်ငန်းခွင်ကို ဝင်ရောက်သွားတဲ့ မြန်မာလူငယ် ကျောင်းသား၊ ကျောင်း သူတွေ ဟာလည်း ထိုင်းနိုင်ငံမှာ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

မြန်မာရွှေ့ပြောင်းကျောင်းသားတွေနဲ့ မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံမှာ များပြားလာရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ လူ့အခွင့်ရေးချိုးဖောက်ခံရမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ လုပ်ခလစာနည်းပါးမှု တွေလည်း ပါဝင်နေတယ်လို့ FED ဖောင်ဒေးရှင်းမှ ဦးထူးချစ်က သုံးသပ်ပြောဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲက ရွှေ့ပြောင်းကျောင်း(သင်ကြားရေးစင်တာ)တွေမှာ ပညာသင်ကြားနေတဲ့ မြန်မာကလေးငယ်အရေအတွက်ကို အတိကျသိရခြင်းမရှိရပေမယ့် ထိုင်းမီဒီယာတစ်ခုဖြစ်တဲ့ ဘန်ကောက်ပိုစ့် ရဲ့အဆိုအရ ပြီးခဲ့တဲ့ ဇွန်လအထိ ထိုင်းနိုင်ငံက ခရိုင် ကိုးခုရှိ သင်ကြားရေးစင်တာ ၇၈ ခုမှာ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၃၀၉၀ ‌ဦး အထိ ပညာသင် ကြားနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ခရိုင်ပေါင်း ၇၇ ခုရှိပြီး အဲ့ဒီအထဲကမှ ခရိုင်ကိုးခုရဲ့ ရွှေ့ပြောင်းကျောင်း (သင်ကြား ရေးစင်တာ) တွေမှာ ပညာသင်ကြားနေတဲ့ မြန်မာကလေးငယ်အရေအတွက်ကိုသာ ဘန်ကောက်ပိုစ့် က ဖော်ပြထားခြင်းဖြစ်ပါတယ်။

“အခုက ခါတိုင်းလို မဟုတ်ဘဲ သူတို့ရဲ့မိသားစုတွေပါ ပါတယ်။ ကျောင်းတွေမှာကိုက ကျောင်းသားဦးရေ နှစ်ဆ တိုးလာတယ်။ လူဦးရေ ၃၅၀ ရှိတဲ့ကျောင်းတွေက ၇၀၀ နဲ့ ၈၀၀ လောက်ဖြစ်လာတာတွေ။ တစ်နိုင်ငံလုံးမှာ ရွှေ့ပြောင်းကျောင်းတွေကို ကြည့်ရတဲ့အချိန်မှာ အတိအကျအချက် အလက်တော့ မပြောနိုင်ပေမယ့် ကျောင်းသားဦးရေကော အလုပ်သမား ဦးရေတွေပါ နှစ်ဆကျော် သုံးဆ မြင့်တက် လာတယ်လို့ပြောလို့ရတယ်” လို့ FED ပညာရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ပြောပြပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် နယ်စပ်ဒေသတွေမှာရှိတဲ့ ရွှေ့ပြောင်းကျောင်းတွေမှာ ပြောင်းရွှေ့ တက်ရောက်သူများလာသလို ပြည်တွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ အခြေခံပညာ ကျောင်းတွေမှာလည်း ကျောင်းအပ်နှံသူများပြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ယခုနှစ် ၂၀၂၃-၂၀၂၄ စာသင်နှစ်အတွင်း ကျောင်းအပ်နှံသူ ခြောက်သန်းကျော် ရှိတယ်လို့ သိရပါတယ်။ ဒီ ပမာဏဟာ မနှစ်က ပမာဏနဲ့နှိုင်းယှဉ်ပါက အတူတူနီးပါးဖြစ်ပေမယ့် စစ်ကောင်စီရဲ့နယ်မြေစိုးမိုးနိုင်မှုဟာ ယခင်နှစ်ကထက် ပိုမိုကျဉ်းလာတဲ့အတွက် ကျောင်းအပ်တဲ့ကလေးဦးရေ များလာတယ်လို့ ဆိုနိုင်ပါတယ်။

“ထိုင်းရောက်လာရတဲ့ အဓိကက အကြောင်းကတော့ စစ်မှုထမ်းဥပဒေကြောင့်ပါ။ မြန်မာမှာတုန်းက GED လုပ်လက်စဆိုတော့ ဒီမှာလည်း GED ပဲဆက်လုပ်ဖို့တွေးပြီး Mudita Foundation မှာ GED တက်နေတာပါ” လို့ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းကျောင်းတက်လာတဲ့ ကျောင်းသားတစ်ဉီးကပြောပါတယ်။

GED-General Educational Development ဟာ ထိုင်းအပါအဝင် နိုင်ငံအများစုက လက်ခံကြတဲ့ အထက်တန်းပညာရေးနဲ့ညီမျှတဲ့ ဘာသာရပ်လေးခုကို သင်ကြားရတာဖြစ်ပြီး GED စာမေးပွဲဖြေဆို အောင်မြင်ပါက နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းအောင်လက်မှတ်ကို ရရှိမှာပဲဖြစ်ပါတယ်။

“ပြည်တွင်းထဲမှာတော့ အထဲမှာ ဆက်နေတဲ့သူတွေက ပိုများမယ်ထင်ပါတယ်။ ပြီးတော့ ကျောင်းတက်နေရင် စစ်မှုထမ်းဥပဒေက မသက်ရောက်ဘူးဆိုပြီး ကုပ်ကပ်ပြီး နေနေကြတာပါ။ ကျောင်းပြီးရင်တော့ တော်တော်များများ ထွက်လောက်မယ်ထင်တယ်” လို့ သူက ဆက်လက် ပြောပါတယ်။

အခြေခံပညာရေးအတွက် ရွှေ့ပြောင်းကျောင်းတက်ကြတဲ့ ကလေးငယ်တွေနည်းတူ မြန်မာလူငယ် အများအပြားဟာလည်း စစ်တပ်ရဲ့ စစ်မှုထမ်း ဥပဒေကြောင့် ထိုင်း၊ ကိုးရီးယား၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ် စတဲ့ အာဆီယံနိုင်ငံတွေအပြင် ဥရောပနိုင်ငံများ၊ အမေရိကန်၊ ကနေဒါ စတဲ့ အနောက်နိုင်ငံတွေဆီကိုပါ နေ့စဥ်နဲ့အမျှ ထွက်ခွာနေကြပါတယ်။

လူငယ်တွေဟာ မြန်မာနိုင်ငံကနေ ပညာသင်ကြားရန်၊ လုပ်ငန်းခွင်ဝင်ရန် စတဲ့ နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာနေတာတွေကြောင့် တိုင်းပြည်ရဲ့ ပညာတက်လူငယ်တွေ လူသားအရင်းအမြစ်တွေ တဖြည်း ဖြည်း ဆုံးရှုံးလာနေပါတယ်။

ဒါဟာ Brain Drain (ဦးနှောက်ယိုစီးမှု) လို့ တင်စားခေါ်ဝေါ်ကြတဲ့ တိုင်းပြည်ရဲ့ ပညာတက်လူငယ်တွေ အရည်အချင်းရှိတဲ့ လုပ်သားတွေ စတဲ့ တန်ဖိုးရှိတဲ့ လူသားရင်းမြစ်တွေ တဖြည်းဖြည်း စိမ့်ထွက် ကုန်ဆုံးလာတဲ့ နိုင်ငံတစ်ခု ဖြစ်လာနေပြီး အနာဂတ်မှာတော့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ အဖက်ဖက်မှာ အရည်အသွေးကျဆင်းမှုတွေ ကြုံလာရတော့မှာပဲဖြစ်ပါတယ်။

လူငယ်တွေအတွက်လည်း ကိုယ့်မွေးဖွားလာတဲ့နိုင်ငံမှာ အာဏာရှင်အဖြစ် အုပ်ချုပ်နေတဲ့ လူတစ်စုအပေါ် ကို နာကျည်းစိတ် ပိုဖြစ်စေပါတယ်။ လူမှုကွန်ရက်ပေါ်ကနေ တွေ့မိပြီး အမှတ်ရမိတဲ့ စာသားလေးတစ်ခုရှိပါတယ်။

“ဒီအရပ်ဒီဒေသ(မြန်မာနိုင်ငံ)က Passport ကို ထောင်ထွက် လက်မှတ်လို အသုံးချနေရတဲ့ နိုင်ငံလား “

#မြန်မာ့ပညာရေးနယ်ပယ် #ယိုစီးသွားတဲ့တန်ဖိုးများ #သတင်းဆောင်းပါး #Ayeyarwaddy_Times