အယိုက်လင်း/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မောင်နှမကျေးရွာမှ မိသားစုဝင် သုံးဦး အသတ်ခံရခြင်းနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမူ ရရှိရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကြားကာလ ခူမီးချင်းမျိုးနွယ်စုရေးရာ အတိုင်ပင်ကောင်စီ (IKACC) က ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

ပလက်ဝမြို့နယ်၊ မောင်နှမကျေးရွာမှ မိသားစုဝင် သုံးဦးသည် ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ကုန်ပစ္စည်းများကို ဟွန်ဒါစက်လှေဖြင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို ပို့ဆောင်စဥ် အသတ်ခံရခြင်းဖြစ်သည်။

အဆိုပါ အသတ်ခံရသူများသည် အသက် (၆၁) နှစ်အရွယ် ဦးဆန်းအောင်၊ သားဖြစ်သူ အသက် (၂၆) နှစ်အရွယ် ဦးအိုက်မြင့်နှင့် မြေးဖြစ်သူ အသက် (၁၃) နှစ်အရွယ် မောင်ပီစီထွန်းတို့ဖြစ်ကြောင်း သိရပြီး ၎င်းတို့ ရုပ်အလောင်းများကို စက်တင်ဘာလ ၁၅ ရက်နေ့က တန်းဆိပ်ကျေးရွာနှင့် မွန်ထောင့်ကျေးရွာတွင် ဓားခုတ်ဒဏ်ရာဖြင့် တွေ့ရှိရခြင်းဖြစ်သည်။

“သားအဖ၊ မြေးတွေက ကျောက်တော်ဘက်ကို ကုန်ပစ္စည်းသွား ပို့ကြတာ။ တစ်ပတ်ကြာထိ သူတို့ရောက်ချိန် ရောက်မလာကြသေးလို့ ဦးဆန်းအောင် မိန်းမက ပလက်ဝဆင်းပြီး စုံစမ်းကြည့်တယ်။ ပလက်ဝရောက်တော့ ကုန်သည်တွေဆီက မွန်ထောင့်နဲ့ တန်းဆိပ်ရွာမှာ လူသေလောင်းတွေတယ်ဆိုပြီး သွားကြည့်တော့ သူတို့တွေဖြစ်နေတယ်။ အလောင်းတွေက ခေါင်းတခြား၊ ခန္ဓာကိုယ်တခြားနဲ့ ဓာတ်ခုတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေကြတာဖြစ်တယ်” ဟု ပလက်ဝဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ IKACC အနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ လူထုလုခြုံရေးနှင့် လူမှုဖွံဖြိုးရေးကို အစဥ်တစိုက်ဦးတည်ပြီး ဒေသခံလူထုအပေါ် မည်သည့်အကြောင်းနှင့်မျှ ကန့်သတ်ခြင်း၊ ချုပ်ချယ်ခြင်းနှင့် အကြမ်းဖက်ခြင်းကို ဆန့်ကျင်ကန့်ကွက်သည်နည်းအတူ ယခုဖြစ်စဥ်အပေါ် လူသားမဆန်သည့် အကြမ်းဖက်လုပ်ရပ်ဖြစ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း တုန့်ပြန်ထားသည်။

ထို့အပြင် အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရရှိရေးအတွက် ကျူးလွန်သူများကို ထိုက်သင့်သည့် ပြစ်ဒဏ်ပေးနိုင်ရေးနည်းပေါင်းစုံဖြင့် ကြိုးပမ်းသွားမည်ဖြစ်ပြီး ဒေသတွင်းရှိ သက်ဆိုင်ရာပါဝင်ပတ်သက်သူ လူပဂ္ဂိုလ်၊ အဖွဲ့စည်းများအနေဖြင့်လည်း ဝိုင်းဝန်ဆောင်ရွက်ပေးကြရန် IKACC က အလေးနက် တိုက်တွန်းထားသည်။

ပလက်ဝမြို့နယ်တွင် ယင်းခင်က ယခုကဲ့သို့ ဖြစ်စဥ်မရှိကြောင်း၊ ယခုဖြစ်စဥ်နှင့် ပတ်သက်၍ ပလက်ဝဒေသခံများသည် အသက်အန္တရယ် စိုးရိမ်နေကြသည်ဟု ဆိုကြသည်။

“ကျွန်တော်တို့ ပလက်ဝမှာ လူသတ်မှုဆိုတာ အတော်ရှားတယ်။ အထူးသဖြင့် အခုလို ရက်ရက်စက်စက် သုံးလောင်းပြိုင် အသတ်ခံရတယ်ဆိုတာ မရှိဘူး။ အခုဖြစ်စဥ်နဲ့ပတ်သက်ပြီး စိုးရိမ်နေတယ်။ အသက်အန္တရယ် မလုံခြုံသလို ခြိမ်းခြောက်သလို ခံစားရတယ်” ဟု ပလက်ဝဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ မိသားစု သုံးဦး အသတ်ခံရခြင်းနှင့် ပတ်သက်၍ အမှုကို အာရက္ခတပ်တော် (AA)ထံ တိုင်ကြားထားသော်လည်း ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင့် သိရှိရသည်။

#ပလက်ဝမြို့နယ် #၃လောင်းပြိုင် #အသတ်ခံရခြင်း #အမှုမှန်ပေါ်ပေါက်ရေး # IKACC #Ayeyarwaddy_Times