ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးရှိ အွန်လိုင်းလိမ်လည်မှုများ (ကျားဖြန့်) ပြုလုပ်နေသည့် KK Park စင်တာမှ ထွက်ပြေးလာကြသူများအနက် အယောက် ၅၀၀ နှင့်အထက်သည် သောင်းရင်းမြစ်ကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိလာကြောင်း ထိုင်းသတင်းမီဒီယာများထံမှ သိရသည်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် KK Park ကို မြန်မာစစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းမည်ဟူသည့် သတင်းများကြောင့် ကျားဖြန့်စင်တာတွင် အလုပ်လုပ်ကိုင်သူများမှာ ယမန်နေ့ အောက်တိုဘာ ၂၂ ရက်နှင့် ယနေ့ အောက်တိုဘာ ၂၃ ရက်နေ့များတွင် မြဝတီနှင့် မဲဆောက်ဘက်သို့ ဒေသအနှံ့အပြား ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးလာကြသူများကို ထိုင်းအာဏာပိုင်များက လိုက်လံဖမ်းဆီးနေပြီး ၎င်းတို့ စီစဉ်ထားသည့် ယာယီတည်းခိုနေရာများတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ လက်ရှိတွင် ထိုင်းအာဏာပိုင်များက မဲဆောက်မြို့အနှံ့ရှိ တည်းခိုခန်း၊ ဟိုတယ်များကိုလည်း ဝင်ရောက် စစ်ဆေး ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
“တည်းခိုခန်းမှာ ညကလူပြည့်တယ်လို့ အစောင့်ဆီက သိရတယ်။ အခုနေ့လယ်ဝင်စစ်ဖို့ ပုလိပ်ကား ၁ စီးရောက်လာတယ်” ဟု မဲဆောက်ရှိတည်းခိုတစ်ခုအနီး နေထိုင်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြဝတီမြို့ဘက်တွင်လည်း KK Park ကျားဖြန့်စင်တာမှ ထောင်နှင့်ချီကာ ထွက်ပြေးလာသူများကြောင့် တည်းခိုခန်း၊ ဟိုတယ်များတွင် အခန်းများပြည့်နေပြီး စစ်တပ်ဘက်မှလည်း စောင့်ဆိုင်းဖမ်းဆီးမှုများ လည်းရှိနေကြောင်း သိရသည်။
KK Parkမှ ထွက်ပြေးလာကြသူများအများစုမှာ တရုတ်လူမျိုးများနှင့် နိုင်ငံခြားသားများဖြစ်ကြပြီး ထောင်နှင့်ချီသည့် လူများကြောင့် နှစ်နိုင်ငံနယ်စပ်အခြေအနေရှုပ်ထွေးမှုများ ဖြစ်ပွားနေကြောင်းလည်း သိရသည်။
ထို့ပြင် အမေရိကန်အခြေစိုက် SpaceX ကုမ္ပဏီကလည်း မြန်မာနိုင်ငံရှိ ငွေကြေးလိမ်လည်သည့် ရာဇဝတ်ဂိုဏ်းများမှ စတားလင့်ခ်စက်ပေါင်း ၂၅၀၀ ကျော်ကို ပိတ်ပင်ခဲ့ကြောင်း ယမန်နေ့ အောက်တိုဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။
ကိုးကား – Khaosod English