ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်

 

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သိမ်းပိုက်ထားသော ရှမ်းမြောက်ရှိ ကျောက်မဲနှင့်သီပေါမြို့များစစ်ကော်မရှင်က ပြန်လည်ရယူပြီးနောက် မန္တလေး – လာရှိုးလမ်းမကြီး ပေါ်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သော်လည်း ကုန်တင်ယာဉ်များကိုမူ ဖြတ်သန်းခွင့်မပြုသေးကြောင်း သိရသည်။

 

မန္တလေး – လားရှိုးကို ဖြတ်သန်းသွားရန်အတွက် မန္တလေးမှ ပြင်ဦးလွင်မြို့အထွက် X Rays (အဟောင်း) စစ်ဆေးရေးဂိတ်တွင် ခရီးသည်ယာဉ်မောင်းနှင့် ခရီးသည်များကို စစ်ကော်မရှင်တပ်က ဓာတ်ပုံရိုက် မှတ်တမ်းယူထားကြောင်း အဆိုပါ လမ်းကြောင်းတွင်ပြေးဆွဲနေသူ ယာဉ်မောင်းများထံက သိရသည်။

 

မန္တလေး – လားရှိုး အဝေးပြေးလမ်းမကြီးတစ်လျှောက် နောင်ချိုမြို့အ‌ကျော်တွင် ဂုတ်တွင်းတံတား ထိခိုက်ထား၍ ဘေလီတံတားထိုးထားရကြောင်း သိရသည်။

လက်ရှိတွင် အဝေးပြေးယာဉ်လမ်းကြောင်းပွင့်နေသော်လည်း တရုတ်ကုန်စည်များကို လုံးဝသယ်ယူခွင့် မပြုဘဲ ကုန်ပစ္စည်းအသေး အမွှားများကိုသာ သယ်ယူခွင့်ရှိပြီး လျှပ်စစ်ပစ္စည်းများကိုလည်း လုံးဝသယ်ယူပို့ဆောင်ခွင့်မရှိကြောင်း သိရသည်။

 

“ လူစီးကားလေးတွေရတယ်။ ကုန်ကားမပေးဘူး။ တရုတ်ကုန်ကိုဘာမှမပေးဘူး။ ဂိတ်တန်ဆာ နည်းနည်းရတယ်။ ၁၆ မိုင်ဂိတ်မှာရစ်တယ်။ ဝက်ဝံက နည်းနည်းရတယ်။ X ways အဟောင်း နေရာမှာပြောတယ်။ တရုတ်ကုန်သယ်မလာနဲ့ အီလက်ထရောနစ်ပစ္စည်းတွေသယ်မလာနဲ့။ ဖိနပ်တစ်ရံ အင်္ကျီတစ်ထည်ဆိုရတယ်” ဟု မန္တလေး-လားရှိုး လမ်းကြောင်းပြေးဆွဲနေသူ ယာဉ်မောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

အဆိုပါအဝေးပြေးလမ်းမကြီးတစ်လျှောက် သီပေါမြို့မှစတင်ကာ ပြင်ဦးလွင်အထိ စစ်ကော်မရှင် တပ်ဂိတ်များ၊ ရဲဂိတ်များ အများအပြားချထားသလို စစ်ဆေးမှုများလည်းတင်းကျပ်ထားကြောင်း မန္တလေး – လားရှိုးခရီးသည် ယာဉ်မောင်းတစ်ဦးထံမှသိရသည်။

 

“ အခုလမ်းပွင့်သွားပေမယ့် ခရီးစရိတ်မကျေလို့ ဝေဖန်နေတာရှိတယ်။ အရင်ကပတ်ပြီး သွားရတာ။ အခုလမ်းဖြောင့်ပေမဲ့ခရီးသည်အရေအတွက်နဲ့ လိုက်ပြီးတော့ တစ်ယောက်တစ်သောင်း ဂိတ်ကြေး ပေးရတယ်။ အဲဒီတော့ ဆီဖိုးသိပ်မကုန်ပေမဲ့ ဂိတ်ကြေးကုန်တာတွေရှိတယ်” ဟု အဆိုပါယာဉ်မောင်း က ဧရာ၀တီတိုင်းမ်ကိုပြောသည်။

 

မန္တလေးတိုင်းနှင့်ရှမ်းပြည်နယ်ကြားရှိ TNLA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အဖွဲ့များသိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်က ပြန်လည်ရရှိပြီးနောက် အဝေးပြေးလမ်းကိုထိန်းချုပ်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

 

စစ်ကော်မရှင်သည် အောက်တိုဘာ ၁၇ ရက်နေ့တွင် သီပေါမြို့ကိုပြန်လည်ရရှိခဲ့ပြီး အောက်တိုဘာ ၁ ရက်နေ့တွင် ကျောက်မဲမြို့ နှင့် ဇူလိုင်လတွင် နောင်ချိုတို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုနှစ် စက်တင်ဘာက တရုတ်နိုင်ငံသို့သွား ရောက်ပြီး နှစ်နိုင်ငံကုန်သွယ်ရေးနှင့် နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်နိုင်ရန်တောင်းဆိုခဲ့သည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – မန္တလေး – လားရှိုးလမ်းမကြီး၊ ပြင်ဦးလွင်မြို့ပေါ်ရှိ ရေငံလမ်းဆုံ