ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် အောက်တိုဘာလ(၁၈)ရက်အထိ လူငယ်(၁၀)ဦးခန့်ကို အုပ်ချုပ်ရေးမှူးများက ကြိုတင်အသိပေးခြင်းမရှိပဲ စစ်မှုထမ်းရန် အဓမ္မဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း​ သိရသည်။


စစ်မှုထမ်းအစားထိုးရန် လစဥ်ငွေထည့်နေသော်လည်း လူငယ်များကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များမှ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ပိုက်ဆံကတော့ လတိုင်းထည့်နေရတယ် လာပြီးခေါ်သွားတော့ မြို့နယ်ကတိုက်ရိုက်လာခေါ်တာဆိုပြီး အုပ်ကြီးကလွှဲချတယ်”ဟု ပုသိမ်ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၁၅ ရက်နေ့တွင်အမှတ်(၁၀)ရပ်ကွက်နှင့်ရေအိုးစင်ကျေးရွာတို့မှ လူငယ်နှစ်ဦးကို စစ်မှုထမ်းရန်အတွက် အတင်း၀င်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံများထံမှသိရသည်။

လက်ရှိတွင်ခေါ်ဆောင်ခံရသူ လူငယ်များကို စစ်ကောင်စီတပ်များအတွင်း ခေါ်ဆောင်ထားပြီး မိဘများနှင့်ဆက်သွယ်ခွင့်မပေးပဲ စစ်သင်တန်းဆင်းမှ ဆက်သွယ်ခွင့်ရမည်ဟုသိရသည်။

စစ်ကော်မရှင်အနေဖြင့် ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင်အားဖြည့်ဆည်းရန်အတွက် ဧရာ၀တီတိုင်းအပါအ၀င် အခြားတိုင်းနှင့်ပြည်နယ် အချို့တွင် လူငယ်များကို အဓမ္မဝင်ရောက်ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။