နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်
အာဏာသိမ်း စစ်ကော်မရှင်က နာမည်ဆိုးဖြင့် ကျော်ကြားနေသော အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ကွန်ရက် KK Park (ကေကေပတ်) ကိစ္စနှင့် ပတ်သက်၍ ၎င်းတို့နှင့် အဓိက သက်ဆိုင်သည့် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ ပါဝင်မှုကို ဖုံးကွယ်ရန် ကြိုးပမ်းနေသည်ကို ၎င်းတို့ထုတ်ပြန်ထားသည့် သတင်းများအရ သိရသည်။
စစ်ကော်မရှင်သည် KK Park ကို အယောင်ပြ ဝင်စီးနင်းကာ ကရင်အမျိုးသားအစည်းအရုံး (KNU) အား ပြစ်တင်စွပ်စွဲမှုများ ပြုလုပ်လျက်ရှိသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့(တောင်ဘက်)၊ မယ်ထော်သလေးရွာအနီးရှိ KK Park ကျားဖြန့်ရုံများတွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်၍ ငွေကြေးရယူ လုပ်ကိုင်နေကြောင်း စစ်ကော်မရှင်က စွပ်စွဲပြောဆိုကာ ယမန်နေ့အောက်တိုဘာ ၂၂ ရက်ထုတ် ၎င်းတို့၏ဝါဒဖြန့် သတင်းစာများတွင်လည်း ထည့်သွင်းဖော်ပြခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ KNU ပြောခွင့်ရ ပဒိုစောတောနီးက “ကေကေပတ် အပါအဝင် ငွေလိမ်ဒုစရိုက်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စကမ(စစ်ကော်မရှင်)ဖက်က မတရားယိုးစွပ် လာတဲ့ အပေါ်မှာ ပြန်ပြီးတုံ့ပြန်ဖို့ အစီအစဉ်ရှိပါတယ်။ လောလောဆယ်တော့ ဘာမှပြောစရာ မရှိသေးပါဘူး” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုစွပ်စွဲမှုများသည် စစ်ကော်မရှင်အနေဖြင့် လေးကေ့ကော်မြို့သစ်ကို ယခုရက်ပိုင်း ပြန်လည် သိမ်းပိုက်ရာမှ KK Park ကိုပါ ဝင်စီးနိုင်သည်ဟု သတင်းထုတ်ပြန် ပြောဆိုလာခြင်းဖြစ်ပြီး ယမန်နေ့ အောက်တိုဘာ ၂၂ ရက်တွင်လည်း ယင်းနေရာကို ထပ်မံဝင်စီးမည်ဆို၍ အလုပ်သမားများ ထိုင်းဘက်ခြမ်းအပါအဝင် နီးစပ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
ထိုသို့တိမ်းရှောင်ရသည့် အလုပ်သမားများတွင် တရုတ်နှင့် ထိုင်းအပြင် နိုင်ငံခြားသား အများ အပြားလည်း ပါဝင်နေပြီး ၎င်းတို့ကို BGF တပ်ဖွဲ့မှ အသုံးမဝင်တော့၍ ထွက်ခွင့်ပေးလိုက်ကာ အောက်တိုဘာ ၂၂ရက်နေ့ ညပိုင်းအထိ စစ်ကော်မရှင်က ဝင်ရောက်စီးနင်းခြင်းမရှိကြောင်း လေးကေ့ကော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ဖြေကြားထားသည်။
“စကမ (စစ်ကော်မရှင်)က ဝင်စီးမယ်လို့ သတင်းလွှင့်တယ်။ အဲဒီမှာ အကုန်အပြင် ထွက်မယ်ဖြစ်တော့ အစပိုင်းအပေါက်တွေ ဖွင့်မပေးဘူး။ နောက်ပိုင်း သူတို့မလိုချင်တဲ့ နိုင်ငံခြားသားတွေရယ် ၊ဝန်ထမ်းတွေ ကို ထွက်ခွင့်ပေးလိုက်တယ်။ ထွက်သာ ပြေးကြတာ၊ ဒီနေ့ဘယ်သူဝင်ဖမ်းလို့လဲ။ လက်ရှိ အေးဆေးပါပဲ” ဟု ဒေသခံက ပြောသည်။
ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းက ဝင်စီးပြမှုသည်လည်း အယောင်ပြဖြစ်ပြီး ၎င်းတို့မလိုချင်သော နိုင်ငံခြားသားများ၊ ဝန်ထမ်းများကိုသာ ထုတ်ဖော်ဖမ်းဆီးနေခြင်းဖြစ်ကာ KK Park ထက် ရွှေကုက္ကိုရှိ ကျားဖြန့်လုပ်ငန်းမှာ စစ်ကော်မရှင်နှင့် BGF အတွက် အဓိကအရေးပါနေကြောင်း ဒေသခံများထံမှ သိရသည်။
အလားတူ စစ်ကော်မရှင်အပါအဝင် ၎င်းတို့နှင့် အကျိုးစီးပွား ပတ်သက်ဆက်နွယ်သူများကို စောင့်ကြည့်ဖော်ထုတ်နေသည့် နိုင်ငံတကာအဖွဲ့ဖြစ်သော Justice For Myanmar (JFM) ကလည်း ထို့သို့ဝင်စီးနင်းမှုသည် အယောင်ပြဖြစ်သလို အာဆီယံထိပ်သီး အစည်းအဝေးမတိုင်မီ အချိန်ကိုက်လုပ် ပြခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် လူကုန်ကူးမှုများတွင် ပါဝင်နေသည့် စစ်ကော်မရှင်နှင့် လက်အောက်ခံ BGF တပ်တို့၏ အာရုံပြောင်းလှည့်စားရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပုံရပြီး KK Park အပါအဝင် အဆိုပါကွန်ရက်သည် ၎င်းတို့အတွက် ငွေကြေးများ ရှာဖွေပေးနေကြောင်း JFM က ဆိုသည်။
ဓာတ်ပုံ- MOI