ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်
ထိုင်း ဒုတိယ ဘဏ္ဍာရေးဝန်ကြီး ဗိုရာပတ်တန်ရာယောင်က ရာထူးမှနှုတ်ထွက်ကြောင်း ဗုဒ္ဓဟူး နေ့မှာ ကြေညာခဲ့ပြီး နယ်စပ်ဖြတ်ကျော် ကျားဖြန့်ကွန်ရက်တွေနဲ့ ပတ်သက်မှုမရှိကြောင်း ပြောကြားကာ သတင်းမှားဖြန့်သူတွေကို ဥပဒေအရ အရေးယူမယ်လို့ ဆိုပါတယ်။
သူဟာ တရားမဝင် ငွေကြေးအုပ်စုတွေ အထူးသဖြင့် ကမ္ဘောဒီးယားမှာရှိတဲ့ ကျားဖြန့်ကွန်ရက် တွေနဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မလိုမုန်းထားသော ပြောဆိုချက်တွေလို့ ဗိုရာပတ်က ပြောပါတယ်။
“ကျွန်တော်ဟာ ပြည်တွင်း၊ ပြည်ပမှာ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးနယ်ပယ်မှာ အတွေ့အကြုံ နှစ် ၃၀ ကျော် ရှိပါတယ်။ ကျွန်တော် နိုင်ငံရေးအာဏာရရှိဖို့ ဘယ်တော့မှ မကြိုးစားခဲ့ပါဘူး။ ကျွန်တော်ရဲ့ တစ် ခုတည်းသော ရည်ရွယ်ချက်က ကျွန်တော့်ရဲ့ပညာရပ်နဲ့ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ဖို့ပါ” လို့ ၎င်းက ဆိုပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းတစ်ခုနဲ့ ပတ်သက်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို ၎င်းက ပယ်ချခဲ့ပြီး မည်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းမှာမှ မပါဝင်ခဲ့ဖူးလို့ ပြောပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆမ်နဲ့ နီးကပ်သူ BIC ဥက္ကဌ ယင်လိခ်နဲ့ တွေ့ဆုံခဲ့တာကို သူက ဝန်ခံခဲ့ပေမယ့် ကုမ္ပဏီတွေမှာ အမှုဆောင် သို့မဟုတ် အကြံပေးအဖြစ် တာဝန်ယူနေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။
သူဟာ ဖုန်းနံပါတ်တစ်ခုနဲ့ Krungthai ဘဏ်ရဲ့ ဘဏ်ကဒ်တစ်ခုကို နှစ်နဲ့ချီ အသုံးပြုခဲ့တာကြောင့် မည်သည့်အချိန်မဆို စုံစမ်းစစ်ဆေးနိုင်တယ်လို့ ဗိုရာပတ်က ဆက်ပြောပါတယ်။
“ဘယ်လို စုံစမ်းစစ်ဆေးမှုမျိုးကိုမဆို ကျွန်တော် ကြိုဆိုပါတယ်။ ကျွန်တော် ဖုံးကွယ်ထားစရာ မရှိ ပါဘူး။ ကျွန်တော်ဟာ ဘယ်တော့မှ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းကွန်ရက်မှာ မပါဝင်ခဲ့ပါဘူး” လို့ ၎င်း က ပြောပါတယ်။
ဒေသတွင်း ကျားဖြန့်ကွန်ရက်တွေနဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စာရေးပြီး ဖြေ ရှင်းဖို့ ဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူလ်က တောင်းဆိုပြီး နောက်တစ်ရက်မှာ သူက အခုလို ရာထူးမှနှုတ် ထွက်လိုက်တာပါ။
ကိုးကား – Bangkok Post
Ref; Thai minister Vorapak resigns, denies scam links