ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်

အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်သည့် ရာဇဝတ်ဂိုဏ်းများတွင် ဂြိုတ်တုအင်တာနက်ဝန်ဆောင်မှုများ အသုံးပြုခြင်းမြင့်တက်လာသည်ဟူသည့် သတင်းများကြောင့် မြန်မာကျားဖြန့်စင်တာများရှိ Starlink ( စတားလင့်) စက်ပေါင်း ၂၅၀၀ ကျော်ကို ပိတ်ပင်ခဲ့ကြောင်း SpaceX ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

ကျားဖြန့်အွန်လိုင်းလိမ်လည်မှုများမှာ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းအရှိန်အဟုန်ဖြင့် တည်ရှိလာပြီး Elon Mask ပိုင်ဆိုင်သည့် ဂြိုဟ်တုကွန်ရက်မှတစ်ဆင့် စတားလင့်စက်များကို တပ်ဆင်ကာ အင်တာနက်အသုံးပြု လိမ်လည်လာကြခြင်းဖြစ်သည်။

“အကျိုးကျေးဇူးကြီးမားတဲ့ တူညီတဲ့နည်းပညာဟာလည်း အလွဲသုံးစားလုပ်နိုင်တဲ့အန္တရာယ်ရှိတယ်။ အကြမ်းဖက်မှုလို့ သတ်မှတ်နိုင်တဲ့ ဖြစ်တောင့်ဖြစ်ခဲအခြေအနေတစ်ခုဆိုရင် ကျွန်တော်တို့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးအေဂျင်စီတွေနဲ့ ပူးပေါင်းတာလိုမျိုး သင့်တော်တဲ့ အရေးယူမှုတွေကို ဆောင်ရွက်သွားပါမယ်” ဟု စတားလင့်လုပ်ငန်းလည်ပတ်ရေး ဒုဥက္ကဌ Lauren Dreyer ကပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် တရုတ်ရာဇဝတ်မှုဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်းခွင်များမှာ နိုင်ငံအနှံ့အမြစ်တွယ်နေပြီး အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ရှမ်းမြောက်‌ဒေသ၊ မြဝတီ၊ ဘုရားသုံးဆူ စသည့်‌ ဒေသများသည် ကျားဖြန့်လုပ်ငန်းခွင်များအခြေ စိုက်ကြောင်း အမည်ထင်ရှားသည့်ဒေသများ ဖြစ်သည်။

ထို့ပြင် စစ်ကော်မရှင်ကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ KK Park အွန်လိုင်းလိမ်လည်မှုစင်တာကို ဝင်ရောက်စီးနင်းကာ စတားလင့်ခ်စက်များကို သိမ်းဆည်းခဲ့ကြောင်းကို ပြီးခဲ့သည့်ရက်ပိုင်းကပင် လိမ်လည်သတင်းထုတ်ပြန်ခဲ့သည်။

ကိုးကား – Bangkok Post