ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ အောက်တိုဘာ ၄ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းရေလှောင်တမံသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၄(မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖို)တို့ ယမန်နေ့ အောက်တိုဘာ ၃ ရက်နေ့၊ နံနက်ပိုင်းက ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံသို့ ဝိုင်းကျေးရွာရဲစခန်းမှထွက်ခွာလာကာ စစ်ကြောင်းထိုး လာသည့် အင်အား ၄၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တွေ့ရသည်။

“ဂမုန်းဆည်မှာ တော်လှန်ရေးအဖွဲ့တွေပုံတင်တော့ သူတို့က တက်လာတာ။ သူတို့(စစ်ကောင်စီ)က ကျွန်တော်တို့ မိုင်းကွင်း‌တွေကို ရှောင်ပြီးတက်လာတယ်။ ကျွန်တော်တို့က အပေါ်ကနေစောင့်ပစ်တယ်။ နောက်ပြီးအင်အားအသာစီးလဲရတော့ သူတို့ဘက်ကတော်တော်ထိတယ်။ မျက်မြင်အရဆို ၁၂ ယောက်သေတယ်။ အလောင်းတွေလဲသူတို့ပြန်မကောက်နိုင်ဘူး ရသလောက်ဆွဲပြီးဆုတ်တာ။ အလောင်းတွေ ငါးလောင်းခြောက်လောင်းလောက် ကျန်ခဲ့တာ” ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တပ်ခွဲမှူး ရဲဘော်ဒေဝက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး တစ်နာရီကျော်ကြာတိုက်ပွဲအတွင်း ၆၀-မမ(BA-100) တစ် လက်၊ MA-1 တစ် လက်၊ G-3 နှစ် လက်၊ အီနာဂါ တစ် လုံး၊ ၆၀-မမ ကျည် တစ် လုံး၊ G-3 ကျည် ၁၈၁ တောင့်၊ ၅.၅၆ ကျည် ၁၃ တောင့် နှင့် အခြား စစ်အသုံးအဆောင် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့က မိုးသည်းစွာရွာသွန်းမှုကြောင့် တမံကျိုးလုနီးပါးဖြစ်နေသည့် ဂမုန်းရေလှောင်တမံ ကို တမံကြံ့ခိုင်ရေးအတွက် ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ပြီး စောင့်ကြပ်မှုများပြုလုပ်နေသည့်အတွက် စစ်ကောင်စီဘက်မှ လာရောက်ကာ တိုက်ခိုက် မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရှေ့ဆက်၍လည်း စစ်ကောင်တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်များနှင့် အနီးတစ်ဝိုက်သို့ သွားလာနေထိုင်မှုများ မပြုလုပ်ကြရန် မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း
#အုတ်ဖို #ဂမုန်းရေလှောင်တမံ #တိုက်ပွဲ #စစ်ကောင်စီစစ်ကြောင်း #သေဆုံး #Ayeyarwaddy_Times