
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်
စစ်ရှုံးစစ်ကောင်စီက ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ၎င်းတို့ထိန်းချုပ်ထားရာ မူဆယ်အပါအဝင် မြို့နယ်သုံးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက) ဝန်ထမ်း၊ ကျောင်းဆရာ/မများနှင့် ရပ်ကွက်အတွင်း သန်းခေါင်စာရင်း ကောက်ယူခဲ့ကြောင်း ဒေသခံနှင့် ဒေသတွင်း သတင်းရင်းမြစ်ထံက သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအပါအဝင် မြို့နယ်ပေါင်း ၂၄ မြို့နယ်ရှိပြီး စစ်ကောင်စီက လေးမြို့နယ်ကိုသာ လက်ရှိထိန်းချုပ်ထားနိုင်ကာ သန်းခေါင်စာရင်း ကောက်ယူမှုကို သုံးမြို့နယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ ထိန်းချုပ်မှုအောက်ရှိ မြို့နယ် လေးမြို့နယ်မှာ တန့်ယန်း၊ မိုင်းရယ်၊ မူဆယ်၊ မက်မန်းမြို့တို့ဖြစ်ပြီး ယင်းအနက် သုံးမြို့နယ်တွင် စစ်ကောင်စီက တစ်ရက်ကြို စက်တင်ဘာ ၃၀ ရက်မှ စတင်၍ သန်းခေါင်စာရင်း ကောက်ယူခဲ့ကြောင်း သိရသည်။
“ဖိအားမပေးပေမယ့် ကြောက်ကြတော့ အချက်လက် ပေးကြတယ်။ ကြိုကောက်တာတော့ တန့်ယန်း ပဲ။ မိုင်းရယ်နဲ့ မူဆယ်ကတော့ အောက်တိုဘာ ၁ ရက်နေ့မှာမှ သူတို့ စကောက်ကြတာလို့ သိရတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် အဆိုပါမြို့နယ်တို့၌ စစ်ရေးအခြေအနေ ငြိမ်သက်နေကာ တိမ်းရှောင်နေရသူ အနည်းငယ် သာ ကျန်ရှိတော့ပြီး မူဆယ်တွင်မူ ကျားဖြန့်ကိစ္စ၊ လောင်းကစားနှင့် မူးယစ်ဆေးဝါးများ ကျယ်ကျယ် ပြန့်ပြန့်ရှိနေဆဲဖြစ်ကြောင်း ရှမ်းမြောက်ရှိ သတင်းအရင်းအမြစ်တစ်ဦးထံက သိရသည်။
“မိုင်းရယ်၊ တန့်ယန်းတို့မှာတော့ ဆက်သွယ်ရေးလိုင်းတွေ ပြတ်နေတယ်။ ဖုန်းလိုင်းတွေလည်း အရင်ကရနေကြ MPT လည်း ပြတ်သွားတယ်။ Mytel ကလည်း ရတချက်မရတချက်၊ လူထုကတော့ စစ်ရေး၊ နိုင်ငံရေးကြားမှာ ဒုက္ခရောက်နေကြတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး (ပ၊ဒု)ကြောင့် လောက်ကိုင်၊ လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)အပါအဝင် ရှမ်းမြောက်ရှိ မြို့နယ် ၂၀ မြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ – Credit (မူဆယ်မြို့နာရီစင်)
#ရှမ်းမြောက် #မြို့နယ်ပေါင်း၂၀ #ဆုံးရှုံး #စစ်ကောင်စီ #မြို့နယ်၃မြို့နယ် #သန်းခေါင်စာရင်းကောက်ယူ #Ayeyarwaddy_Times