
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ ကင်းတောင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ လေးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ယနေ့ အောက်တိုဘာ ၄ရက် နံနက် ၂နာရီခန့်က Y-12 လေယာဉ်ဖြင့် ကင်းတောင်ကျေးရွာကို နှစ်ကြိမ် လာရောက်၍ ဗုံးကြဲချခဲ့ကြောင်း သိရသည်။
“ကျောင်းဆရာ ကိုစိုးထိုက်တို့အိမ်ကလူအကုန်ထိခိုက်ထားတယ်။ အခုတော့ရွာမဆေးရုံပို့ပြီး ကုနေ တယ်။ လူအိပ်ချိန်ကြီး ဗုံးလာကြဲတော့ ရှောင်တိမ်းချိန်မရဘူးလေ။ တိုက်ပွဲလည်းမရှိဘူး ဒီအတိုင်းလာကြဲတာ” ဟု တောင်ကုတ်ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် Y12 လေယာဉ်သုံးကာ တစ်ကြိမ်လျှင် ဗုံးသီး ၂လုံးဖြင့် နှစ်ကြိမ် ဗုံးကြဲချခဲ့ရာ အိပ်မောကျချိန်ဖြစ်သည့် အတွက် ရှောင်တိမ်းခွင့်မရဘဲ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း သိရသည်။
ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကင်းတောင်ရွာမှ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား သုံးဦးတို့သေဆုံးခဲ့ပြီး ခုနစ်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒဏ်ရာရတဲ့သူတွေနဲ့ လက်ပြတ်တဲ့လူနဲ့ မျက်နှာပါသွားတဲ့လူနဲ့ အိပ်ချိန်ကြီး မိုးကလည်းကျနေတာနဲ့ ထိခိုက်ခံလိုက်ရတယ်” ဟု တောင်ကုတ်ဒေသခံ အမျိုးသမီးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂ရက်နေ့ကလည်း တောင်ကုတ်ရှိ ခေါင်းလောင်းတူရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နယ်မြေများတွင် အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
ပုံစာ- ယနေ့ ဗုံးကြဲချတိုက်ခိုက်ခံရသည့် ကင်းတောင်ရွာမှ နေအိမ်အချို့
#ရခိုင် #တောင်ကုတ် #ကင်းတောင်ရွာ #စစ်ကောင်စီ #ဗုံးကြဲ #ဒေသခံသေဆုံး #Ayeyarwaddy_Times