ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်

အရပ်သားအစိုးရ NLD သည် ရန်ကုန်မြို့တွင်း မြို့ပတ်ရထားပြေးဆွဲရန်အတွက် ၂၀၂၀ တွင် ဝယ်ယူခဲ့သည့် Diesel Electric Multiple Unit-DEMU ရထားတွဲကို စစ်ကောင်စီက ရန်ကုန် – ပဲခူးပြောင်းလဲပြေးဆွဲသဖြင့် ဆိုက်ရောက်ဘူတာအဆင်းအတက်တွင် ခရီးသွားများအခက်‌ကြုံ ရကြောင်း သိရသည်။

အရပ်သားအစိုးရ NLD လက်ထက်တွင် ဝယ်ယူခဲ့သည့် အမေရိကန်ဒေါ်လာ သုံးသန်း တန်ဖိုးရှိသည့် DEMU ရထားတွဲ နှစ်တွဲကို စစ်ကောင်စီက ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့တွင် ပဲခူး – ရန်ကုန် – ပဲခူး သို့ စတင်ပြေးဆွဲခြင်းဖြစ်သည်။

အဆိုပါ ရန်ကုန် – ပဲခူး ရထားလမ်းပိုင်းရှိ ဘူတာများအဆင့်မြှင့်တင်ခြင်း၊ ပလက်ဖောင်းမြှင့် တင်ခြင်းမရှိဘဲ DEMU ရထားပြေးဆွဲသဖြင့် ဆိုက်ရောက်ဘူတာ အဆင်း၊ အတက်တွင် သုံးဆင့် လှေကား အစားထိုးအသုံးပြုပြီး ခရီးသွားများအခက်အခဲကြုံရကြောင်း သိရသည်။

ထို့ကြောင့် ခရီးသည်များများအနေဖြင့် ပဲခူး မှ သင်္ဃန်းကျွန်းဘူတာအထိ လှေကားသုံးဆင့်ကို အစား ထိုး၍ အသုံးပြုခဲ့ရကြောင့် သိရသည်။

” မြို့ပတ်အတွက်ဝယ်ဆိုပြီး ပဲခူးလမ်းထည့်သုံးတော့ စစ်ကောင်စီတလွဲစီမံတာပဲ။ မြို့ပတ်ဆို မြို့ပတ်ပဲဆွဲရမှာ။ ရထားပေါ်မှာ မြို့တွင်းဘူတာနာမည်တွေကပ်ထားသေးတယ်။ အဲဒါကိုတလွဲလုပ်တော့ ကမောက်ကမဖြစ်ကုန်တာပေါ့။ JICA က စီမံချက်ဆွဲကတည်းက မြို့ပတ်အတွက်ပဲ ဒီဇိုင်းထုတ်ထား တာ။ သူ့နေရာနဲ့သူမရှိဘူး” ဟု မြို့တွင်းခရီးသွား အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ DEMU ရထားတွဲကို ရန်ကုန် – မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းတွင် DEMU ၁၈၀ အတွဲအသုံးပြုပြီး ရန်ကုန်မြို့ပတ်ရထားလမ်းတွင် ၆၆ တွဲ အသုံးပြုမည်ဖြစ်ကြောင်း စီမံကိန်းပါအချက်အလက်များအရသိရသည်။

လက်ရှိတွင်ဝယ်ယူထားသည့်ရထားများဖြင့် ကိုက်ညီရန်အတွက် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ဘူတာရုံအသစ် တည်ဆောက်ခြင်းနှင့် ရထားလမ်းပလက်ဖောင်းများ ပြုပြင်ခြင်းဆောက်ရွက် နေကြောင်း သိရသည်။

အဆိုပါခရီးစဉ်တွင် ပဲခူး- ရန်ကုန်-ပဲခူး ခရီးစဉ်ကို Diesel Electric Multiple Units DEMUs တွဲဆိုင်းဖြင့် ပဲခူးမှ နံနက် ၆ နာရီ ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ နံနက် ၈ နာရီ ၂၀ မိနစ်၌ ရောက်ရှိမည်ဖြစ်ကာ ရန်ကုန်ဘူတာကြီးမှ ညနေ ၄ နာရီ ၄၅ မိနစ် ထွက်ခွာမည်ဖြစ်ပြီး ပဲခူးသို့ ည ၇ နာရီ ၁၅ မိနစ်၌ ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံက သိရသည်။

လက်မှတ်ခမှာ ခရီးသည် တစ်ဦးလျှင် ရန်ကုန်- ပဲခူး ၂၅၀၀ ကျသင့်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အများပြည်သူသယ်ယူပို့ဆောင်စနစ်အားကောင်းစေရန်ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ ဘူတာများအဆင့်မြှင့်တင်ရေး စီမံကိန်းအပါ အဝင် ရန်ကုန်-မန္တလေးရထားလမ်း အဆင့် မြှင့်တင်ရေးစီမံကိန်းများနှင့် လူစီးတွဲသစ်ဝယ်ယူနိုင်ရန် ဂျပန်ချေးငွေအပါအဝင် ကိုရီးယားနိုင်ငံချေးငွေ အမေရိကန်ဒေါ်လာ ၄၅ သန်းနှင့် တရုတ်နိုင်ငံမှ အတိုးမဲ့ချေးငွေ ယွမ် သန်း ၈၀ ချေးယူထားခဲ့သည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့် မြှင့်တင်ရေးစီမံကိန်း အဆင့် ၁ (ရန်ကုန်-တောင်ငူ ၂၆၅ ကီလိုမီတာ) အတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA မှ ချေးငွေ ဂျပန်ယန်း ၁၂၄ ဒသမ ၆၆၃ ဘီလျံသုံးစွဲသွားမည်ဖြစ် ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ရှစ်နှစ် စီမံကိန်းအဖြစ်သတ်မှတ် လုပ်ဆောင်သွား ရန် ကနဦးလျာထားသည်။

အရပ်သား အစိုးရ NLD သည် ဒီဇယ်လျှပ်စစ်နှစ်မျိုးသုံး (DEMU) ရထားများကို ဝယ်ယူမည့် စီမံကိန်းနှစ်ခုအတွက် ၂၀၁၈ နှင့် ၂၀၂၀ တို့တွင် ဂျပန်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ပဲခူးရန်ကုန်ပဲခူး #ရထားတွဲသစ်ပြေးဆွဲ #DEMU‌ရထား #Ayeyarwaddy_Times