
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်
ဧရာ၀တီတိုင်း ၊ဘိုကလေးမြို့နယ်၊မိန်းမလှကျွန်းတွင် စစ်ကောင်စီလက်အောက်ခံ သစ်တောဌာနနှင့် ရဲများက ကျွန်းအတွင်း၀င်ရောက်ကာ ထင်းရှာခြင်းနှင့် ငါးဖမ်းခြင်းပြုလုပ်သည့် ဒေသခံများ၏ စက်လှေများကို ဖမ်းဆီးနေကြောင်း သိရှိရသည်။
ပြီးခဲ့သည့်အောက်တိုလာလ ၂၉ရက်နေ့က သစ်တောဌာနမှ မိန်းမလှကျွန်းအတွင်းရှိ ငါးနှင့် ထင်းရှာနေသော ဒေသခံများ၏ စက်လှေ ရှစ်စီးကို ဖမ်းဆီးကာ သိမ်းဆည်းသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
“လူတွေကပြေးလို့လွတ်တယ်။ စက်လှေတွေကတော့ ပါသွားတယ်။ ဒေသခံတွေက မိသားစုစား၀တ်နေရေးအတွက်ကျွန်းကိုမှီပြီးလုပ်ရတာပါ။ ခုလိုဖမ်းတော့ငါးပိုက်ချ ၊ အသီးအရွက်ခူး၊ ပိုက်ဘ၀င်းချတဲ့သူတွေကတော့ အကုန်ဒုက္ခရောက်ကုန်ကြတာပေါ့ “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဘိုကလေးမြို့နယ်စစ်ကောင်စီသည် ၂၀၂၄ခုနှစ် သြဂုတ်လ ၁ ရက်မှစ၍ မိန်းမလှကျွန်း ဘေးမဲ့တောအတွင်းသို့ မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်ခြင်းမပြုရန် ပုဒ်မ ၁၄၄ အမိန့်ထုတ်ထားသည်။
မိန်းလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအပြင် မြောက်ဘက် ကဒုံကနိမြစ်နှင့် ဘိုကလေးမြစ်ဆုံ၊ အရှေ့ဘက် ဘိုကလေးမြစ်၊ တောင်ဘက် ကဒုံကနိမြစ်နှင့် ဘိုကလေးမြစ်ဆုံ၊ အနောက်ဘက် ကဒုံကနိမြစ်အထိ ပုဒ်မ ၁၄၄ထုတ်ပြန်ထားပြီး ဖမ်းဆီးမှုများပြုလုပ်နေသောကြောင့် တံငါလုပ်ငန်းဖြင့် အသက်မွေးကြသော ဒေသခံများအခက်အခဲကြုံနေရကြောင်း ဒေသခံများထံက သိရသည်။
ရခိုင်ပြည်နယ်တွင် စစ်ရေးပြင်းထန်လာပြီးနောက်ပိုင်းတော်လှန်ရေးအင်အားစုများ ဝင်ရောက်လာနိုင်သည်ဟုအကြောင်းပြပြီး စစ်ကောင်စီသည် မိန်းလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ပုဒ်မ ၁၄၄ ထုတ်ကာ တားမြစ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။
#ဘိုကလေးမြို့နယ် #မိန်းမလှကျွန်း #ထင်း #ငါး #ဒေသခံစက်လှေများ #သစ်တောဌာန #ဖမ်းဆီး
#Ayeyarwaddy_Times