ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ရက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ စစ်ကောင်စီနှင့် အာရက္ခတပ်တော် AAတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီကလေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများပါပေး၍ ခုခံနေရကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၃ရက်နေ့တွင် စစ်ကောင်စီနှင့် AAတို့ ကိုင်းခုံနှင့် ဆားချက်ရွာအနီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“မနေ့က တစ်နေ့လုံးနီးပါး လေယာဉ်နဲ့ဗုံးကြဲတယ်။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကစပြီး တိုက်ပွဲပိုဖြစ်လာတာ။ စက်တင်ဘာ ၂၄ကစဖြစ်ရာကနေ ဒီဘက် ကိုင်းခုံနဲ့ ဆားချက်ဘက်ရောက်လာတာပေါ့” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ကြွေချိုင်ရှိ စစ်ကောင်စီ၏ လက်နက်ကြီးစခန်းကို ပုဂံတောင်အနီးရှိ တောင်ပေါ်သို့ ပြောင်းရွှေ့ပြီး လက်နက်ကြီး ပစ်ကူပေးကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ရက်က ကျောက်ပါးစပ်အနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့များထံ စစ်ကူနှင့် ရိက္ခာလာပို့သည့် ကုလားပြင်ကျေးရွာမှ စစ်ကောင်စီအဖွဲ့ကို AAက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲမှာ ဆားချက်ကျေးရွာအနီးထိ ကျယ်ပြန့်လာခြင်းဖြစ်သည်။

ဂွမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာများကို စစ်ကောင်စီ၏ ခမရ ၅၆၃နှင့် ကုလားပြင်ရှိ တပ်ဖွဲ့များကို စစ်ကူပို့နေကြောင်း သိရသည်။

AA က ကုလားပြင်ရှိ စစ်ကောင်စီတပ်စွဲထားသော ရဲစခန်းကို ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းမှနေ့စဉ်နီးပါး ပစ်ကူ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

#ဂွ #စစ်ကောင်စီ #AA #တိုက်ပွဲ #လက်နက်ကြီး #စခန်းရွှေ့ #Ayeyarwaddy_Times