
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်
ဧရာ၀တီတိုင်း ၊ ဘိုကလေးမြို့နယ်တွင် လူငယ်အချို့ နှာခေါင်းစီးတပ်ကာ ဆိုင်ကယ်စီးလာစဥ် စစ်ကောင်စီတပ်နှင့် ရဲပူးပေါင်းစစ်ဆေးရေးအဖွဲမှတားဆီးကာ ရိုက်နှက်စစ်ဆေးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
အောက်တိုဘာလ ၁ ရက်နေ့က ဘိုကလေး-ရန်ကုန် ကားလမ်းပေါ်တွင် စစ်ဆေးမှုများပြုလုပ်နေချိန် နှာခေါင်းစည်းတပ်ပြီး ဆိုင်ကယ်စီးလာသော လူငယ်လေးဦးကို စစ်ဆေးကာရိုက်နှက်ခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်နှစ်စီးနှာခေါင်းစည်းတပ်ထားတဲ့လူငယ်လေးတွေကို လမ်းပေါ်တင်ထိုင်ခိုင်းပြီး နှာခေါင်းစည်းတွေချွတ်ခိုင်းပြီး ကန်ကျောက်ရိုက်နှက်နေတာတွေ့တယ်။ ဘိုကလေးမြို့က ကလေးတွေတော့မဟုတ်လောက်ဘူး။ရွာဘက်တွေကဖြစ်မယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါလူငယ် လေးဦးသည် အသက် ၁၉ နှစ်နှင့် ၂၀ အရွယ်ကြားရှိသည်ဟု ခန့်မှန်းရပြီး ရိုက်နှက်ခံရပြီးနောက်ပိုင်း စစ်ဆေးရန် ဖမ်းဆီးသွားသည်ကို တွေ့ရှိရကြောင်း အဆိုပါမျက်မြင်တွေ့သူက ဆက်ပြောသည်။
ဧရာ၀တီတိုင်းတွင် စစ်ကောင်စီတပ်၊ရဲနှင့် ပြည်သူ့စစ်များသည် လမ်းပေါ်နှင့် ရပ်ကွက်များတွင် စစ်ဆေးရေးဂိတ်များချခြင်း၊ ဧည့်စာရင်းစစ်ခြင်းများတွင် လူငယ်များကို မသင်္ကာဟုအကြောင်းပြကာ ဖုန်းများကိုစစ်ဆေးခြင်း၊ ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်းများ ပြုလုပ်နေသည့်အပြင် ဖမ်းဆီးကာ မိသားစုကိုငွေဖြင့်ပြန်ရွေးခိုင်းခြင်းများ ပိုမိုပြုလုပ်လာနေကြောင်း ဒေသခံများထံက သိရသည်။
#ဘိုကလေးမြို့ #နှာခေါင်းစီးတပ်ထားသော #လူငယ်အချို့ #စစ်ကောင်စီ #ရိုက်နှက်ဖမ်းဆီးခြင်းခံရ
#Ayeyarwaddy_Times