ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်

ယာဂိမုန်တိုင်းအကြွင်းအကျန် ခံစားလိုက်ရသောမြန်မာနိုင်ငံရှိတိုင်းနှင့်ပြည်နယ်အချို့တွင် အစားအစာ အပါအဝင် ရေနှင့်သန့်ရှင်းရေးအတွက် အမေရိကန်ဒေါ်လာ လေးသန်းထောက်ပံ့မည်ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA)က သတင်းထုတ်ပြန်သည်။

လူသားခြင်းစာနာထောက်ထားမှုအစီအစဉ်တွင် ရေဘေးသင့်ဒေသများထဲမှ ပဲခူး၊ ကရင်၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့ကို အဓိကထားပြီး အစားအစာ၊ သောက်သုံးရေရရှိရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်နှင့် အိမ်သာသန့်ရှင်းရေးအပါအဝင် အမိုးအကာတို့ကို ရေလွှမ်းမိုးခံရသည့်နေရာများတွင် ထောက်ပံ့ပေးမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိရှမ်းပြည်နယ်( တောင်ပိုင်း) အင်းလေးကန်တွင် ရေကြီးရေလျှံမှုကို အဆိုးရွားဆုံးခံစားရပြီး သီတင်းပတ် သုံးပတ်ကြာသည့်အထိ ရေ ၂ ပေခန့်သာအနည်းငယ်ကျဆင်းပြီး ရေနှင့်သန့်ရှင်းရေးအတွက် အခက်အခဲများရှိနေကြောင်း အင်းလေးဒေသခံများထံက သိရသည်။

“ အင်းထဲကိုအလှူရှင်တွေရောက်တယ်။ အိမ်ခြေ ၁၀၀၀ လောက်ရှိတဲ့တစ်ရွာလုံးရေနစ်ပြီးတော့ အလှူခံရတာ အိမ်ခြေ ၁၀၀ လောက်ဆိုတော့ မရတဲ့သူတွေ မရဘူးပေါ့။ အချင်းချင်းမျှပေးတာလည်း ရှိပါတယ်။ အရေးကြီးဆုံးလိုအပ်က အိမ်သာသုံးစွဲဖို့လိုတယ် ယောင်္ကျားလေးကအဆင်ပြေပေမဲ့ မိန်းကလေးအတွက် လုံခြုံမှုမရှိဘူး။ အိမ်သာဆောက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေလှူရင်ကောင်းမှာပဲ။ ရေထဲဆိုတော့ အိမ်သာအရေး ကြီးတယ်” ဟု အင်းလေးဒေသခံ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။

လူသားနှင့်ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ခံရသောအင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအပါအဝင် ဒေသခံများ၏ လူမှုဘဝတိုးတက်ရေးအတွက်ကုလ သမဂ္ဂ ဖွံ့ဖြိုး တိုးတက်မှု အစီအစဉ် (UNDP) နှင့် NGO များစွာတို့က အင်းလေးကန်အတွင်း စီမံကိန်းများစွာ အကောင်အထည်ဖော်ခဲ့သည်။

အင်းလေးကန်အတွင်း လွန်ခဲ့သောဆယ်စုနှစ်က UNDP အထောက်အပံ့ဖြင့်တည်ဆောက်ထားသော ဇီဝမိလ္လာကန်များရှိခဲ့ပြီး တည်ဆောက်ရန် ငွေကုန်ကြေးကျများသဖြင့် ရေပေါ်အိမ်သာ၊ ယင်လုံ အိမ်သာအများစုကိုသာ အင်းလေးဒေသခံ အများစုက သုံးစွဲကြောင်းသိရသည်။

စစ်ကောင်စီထံတွင် အများပြည်သူများလှူဒါန်းထားသည့် ရေဘေးကူညီထောက်ပံ့ရေးရန်ပုံငွေ ကျပ် ၁၀ ဘီလီယံကျော်ရရှိပြီဖြစ်ကြောင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော် ပြောကြားထားသည်။

မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ပြို၊မြေပြိုမှုအပါအဝင်‌ ရေစီဖြင့်မျောပါမှုကြောင့် မြိုနယ် ၁၁၀ မြို့နယ်ရှိ ပြည်သူ ၄၃၃ ဦးသေဆုံးပြီး ၈၀ ကျော်ပျောက်ဆုံးကာ လူဦးရေး ၁၀ သိန်းကျော် ရေဘေးသင့်ခဲ့ရကြောင်း စစ်ကောင်စီ၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#UNOCHA #Myanmar #ရေဘေးကူညီမည် #ကန်ဒေါ်လာလေးသန်း #Ayeyarwaddy_Times