
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အမှတ် (၇) လမ်းမဘေးရှိ တူးထားသည့်မြောင်းအတွင်းသို့ ကယ်ရီသမား နှင့် ရဲတစ်ဦးတို့ အရှိန်လွန်ပြုတ်ကျပြီးသေ ဆုံးသွားကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၂ ရက်နေ့ နံနက် ၁၁ နာရီဝန်း ကျင်ခန့်တွင် ရဲတပ်သားတစ်ဦးလိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်ရီသည် လမ်းမဘေးတွင် ဆောက်လုပ်ဆဲ တူးမြောင်းထဲသို့ အရှိန်လွန်ပြုတ်ကျပြီး နှစ်ဦးလုံးသေ ဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
“လမ်းဘေးတူးမြောင်းထဲကို အရှိန်နဲ့ပြုတ်ကျသွားတာ။ မြောင်းတူးထားတာကို မသိလို့ဖြစ်မယ်။ မိုးတွေကလည်း တအားရွာနေတာ။ ကယ်ရီသမားရော နောက်ကလိုက်လာတဲ့ ရဲရောသေတယ်”ဟု ဒေသခံအမျိုးသမီး မစုလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လမ်းလေးတူးမြောင်းထဲ အရှိန်လွန်၍ ပြုတ်ကျ၍ နား၊ နှာခေါင်း သွေးထွက်ဒဏ်ရာများဖြင့် ဆိုင်ကယ် ကယ်ရီသမား (၃၄) နှစ်နှင့် ရဲတပ်သား (၃၀) နှစ်တို့မှာ နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ နှစ်ဦး၏ ရုပ်အလောင်းများကို လူနာတင်ယာဉ်ဖြင့် လှည်းကူးဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံက သိရသည်။
#ရန်ကုန် #လှည်းကူး #ဆိုင်ကယ်ကယ်ရီ #ရဲ #ပြုတ်ကျသေဆုံး #Ayeyarwaddy_Times