ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ အောက်တိုဘာ ၃ ရက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် သိန္ဓောစစ်ကောင်စီစခန်းမှ စခန်းစွန့်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်နေ့မှ စတင်ကာ နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် စခန်းစွန့်ခွာထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၅၀ ကျော်ကို လမ်းတစ်လျှောက် လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ သိန္ဓောရွာနှင့် တကူရွာ ကြားတွင် သုံးကြိမ်၊ ဘန်ကြုပ်ရွာအနီးတွင် လေး ကြိမ်၊ ဘန်လောရွာအနီးတွင် သုံးကြိမ် နေ့စဉ်နီးပါး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါတပ်ဖွဲ့များနှင့် ကျွဲထိန်းကုန်းရွာအနီးတွင်လည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ၎င်းတို့ကို ရေခန်းချောင်းရွာ၊ လယ်တောင်ရွာ အနီးတွင်လည်း မိုင်းဆွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“လမ်းခရီးတစ်လျောက်မှာ ၁၀ ကြိမ်ထက်မနည်းတိုက်ခိုက်ခံရတာပါ။ အထိအခိုက်တော့ တော်တော် များတယ် လို့ဒေသခံတွေပြောပြချက် အရသိရတယ်။ စစ်ကားအကြီးနဲ့လူနာတွေကို ခမရ-၅၅၇ တပ်ရင်းထဲ တင်ဆောင်သွားတယ်။ သေဆုံးစာရင်းကိုတော့အတည်မပြုနိုင်သေးဘူး” ဟု မြိတ်ခရိုင် ‌ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုအခါ သိန္ဓောစခန်းစွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့တွင် ခမရ-၅၅၇ တပ်ရင်းအတွင်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့် အောက် တိုဘာ ၁ ရက်နေ့ ကလည်း တမုတ်ချုံရွာအနီးတွင် စစ်ကြောင်းထိုးလာသည့်စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့တို့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၂ ရက်နေ့ကလည်း စစ်ကောင်စီ အမြောက်တပ် အမတ-၃၀၆ တပ်ရင်းမှနေ၍ အနောက်မော်တုန်းရွာ စာသင်ကျောင်းအနီးကို ဒရုန်းဖြင့်ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ဆော့ကစားနေသည့် ကလေးငယ်တစ်ဦး ဗုံးစထိမှန်ကာ သေဆုံးခဲ့ရကြောင်းလည်း သိရသည်။

ဓာတ်ပုံ – စစ်တပ်က စခန်းစွန့်ခွာထွက်ပြေးသွားသည့်သိန္ဓောစခန်းနှင့် ဗုံးကြဲခံရသည့်စာသင်ကျောင်း

#တနင်္သာရီ #စစ်ကောင်စီ #ဗုံးကြဲ #စခန်းစွန့်ခွာထွက်ပြေး #တိုက်ခိုက်ခံရ #PDF #Ayeyarwaddy_Times