အယိုက်လင်း/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ကျန်မာရေး ဝန်ထမ်းများအတွက် လစာ လေးလစာ ထုတ်ပေးနိုင်ခြင်း မရှိသေးကြောင်း Non CDM ကျန်းမာရေးဝန်ထမ်းများထံက သိရှိရသည်။
စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယားများ လည်ပတ်နေဆဲဖြစ်သည့် တီးတိန်မြို့မှ ဌာနဆိုင်ရာဝန်ထမ်းများ ပုံမှန်လစာရရှိကြသော်လည်း ကျန်းမာရေးဝန်ထမ်းများသည် မေလထိသာလစာ ရရှိထားခြင်းဖြစ်သည်။
“ကျွန်တော်တို့ ဌာနတစ်ခုဘဲ မရကြတာပါ။ တခြားဌာနဆိုင်ရာ ဝန်ထမ်းတွေအကုန်လုံး ရကြပါတယ်။ ဘာကြောင်းလဲတော့ မသိဘူး” ဟု တီးတိန်မြို့ မှ Non CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျန်းမာရေး ဝန်ထမ်းများသည် ပုံမှန်လစာ မရရှိသော်လည်း နေ့စဥ်ပုံမှန် အလုပ်ဆင်းနေရပြီး လစာများ မရရှိပါက မိသားစုစားဝတ်နေရေးအတွက် အလုပ်ဆင်းနိုင်မည်မဟုတ်ဟုဆိုသည်။
“ဆေးရုံက ပြန်လည်ပတ်နေပါပြီ။ လူနာတွေကိုလည်း ဆေးကုသမူတွေ၊ ခွဲစိတ်မူတွေ ဆောင်ရွက်ပေးနေပါပြီ။ ဒါပေမဲ့ ကျန်းမာရေး ဝန်ထမ်းတွေက လစာမရကြသေးဘူး။ ဒီအတိုင်းဆို ဝန်ထမ်းတွေ စားဝတ်နေရေးအတွက် အလုပ်ဆင်းနိုင်ကြမယ် မဟုတ်ဘူး”ဟုတီးတိန်မြို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တီးတိန်မြို့သည် စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့ဖြစ်ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယားများလည်း ပုံမှန်လည်ပတ်လျက်ရှိသည်။
ပြီးခဲ့သည့် မေလတွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် တီးတိန်မြို့ ကုတင် (၁၀၀) ဆေးရုံ ပိတ်ထားရသော်လည်း ယခုအခါ ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
#တီးတိန်မြို့ #Non CDM #ကျန်းမာရေးဝန်ထမ်း #၄လစာ #ထုတ်ပေးခြင်းမရှိ #Ayeyarwaddy_Times