ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ အောက်တိုဘာ ၃ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာလ နှစ်လတာအတွင်းတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအကြိမ်ရေပေါင်း ၄၄ ကြိမ်ပြုလုပ်ခဲ့ကြောင်း CDF-မင်းတပ်ထံမှ သိရသည်။

ချင်းပြည်နယ်ထဲတွင် မင်းတပ်မြို့နယ်သည် လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဖြစ်လာပြီး ထိုသို့တိုက်ခိုက်ရခြင်းသည် နယ်မြေဆုံးရှုံးခြင်းမရှိအောင် စစ်ကောင်စီဘက်က ကြိုးစားခြင်းဖြစ်ကြောင်းသိရသည်။

“ကျနော်တို့ မြို့သိမ်းတိုက်ပွဲလုပ်မယ်ဆိုတာ ကြိုတင်ကြေငြာထားပြီးသားပဲ။ အဲ့တာကြောင့်လည်း စစ်ကောင်စီဖက်က ကျနော်တို့ရဲ့ မြေပြင်စစ်ရေးလှုပ်ရှားမှုတွေကို ကြောက်လှန့်ပြီး အပစ်မဲ့ အရပ်သားတွေကို ပိုမိုတိုက်ခိုက်လာတာပဲ။ ဒါက ကျနော်တို့ အမြဲ ထောက်ပြနေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက် စစ်ရာဇဝတ်မှု၊ အရပ်သားပြည်သူတွေပေါ် ရက်ရက်စက်စက် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့ အကြမ်းဖက်မှု့တွေပဲ”လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနမှ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ထို့အပြင် မင်းတပ်မြို့၊ ခလရ ၂၇၄ တပ်ရင်းထဲသို့ လက်နက်ခဲယမ်းနှင့် ရိက္ခာချပေးမှု ၅၃ ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိကာ ကျောင်းဆောင် နှစ်ဆောင်၊ ဘော်ဒါဆောင် လေးဆောင်နှင့် ပြည်သူနေအိမ် ကိုးလုံးထိခိုက်ပျက်စီးသွားကြောင်းသိရသည်။

အလားတူမင်းတပ်မြို့ပေါ်ရှိ ပြည်သူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်အိမ်ဝင်၊ တစ်အိမ်ထွက်လိုက်လံမီးရှို့ခဲ့ပြီး မီးငြိမ်းသတ်မည့်သူမရှိသည့်အတွက် ပြည်သူနေအိမ် ၁၀၀ နီးပါးမီးလောင်ပျက်စီးနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ချင်းပြည်နယ်(တောင်ပိုင်း) မင်းတပ်မြို့တွင် ခလရ ၂၇၄ တပ်ရင်းတစ်ခုသာ ကျန်ရှိနေပြီး အဆိုပါတပ်ရင်းကို လက်လွှတ်မဆုံးရှုံးအောင် စစ်ကောင်စီဘက်က အသည်းအသန်ကြိုးစားလျှက်ရှိသည်။

၂၀၂၄ ခုနှစ်အတွင်းတွင် ချင်းပြည်နယ်(တောင်ပိုင်း)တစ်ခုလုံးကို စစ်ကောင်စီကင်းစင်သော ဒေသဖြစ်အောင် ချင်းညီနောင်ဘက်ကလည်း တရားဝင်ထုတ်ပြန်ထားပြီး စစ်ရေးရည်မှန်းချက်အတိုင်း တိုက်ခိုက်ချေမှုန်း သုတ်သင်သွားမည်ဖြစ်ကြောင်း CDF-မင်းတပ်ထံမှ သိရသည်။

မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့ပေါ်တွင် ကျန်ရှိနေသေးသော စစ်ကောင်စီ၏ အောက်ခြေ တပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံးလက်နက်ချပြီး ပြည်သူ့ဖက်သို့ ပူးပေါင်းပါဝင်လာကြရန် နောက်ဆုံးအကြိမ် ကမ်းလှမ်းဖိတ်ခေါ် ကြောင်း CDF-မင်းတပ်တာဝန်ရှိသူများကဆိုသည်။

ဓာတ်ပုံ-HKL
အညွှန်း-စားနပ်ရိက္ခာချပေးမှုနှင့်လေကြောင်းတိုက်ခိုက်ခံရမှုမြင်ကွင်း။
#မင်းတပ်မြို့နယ် #စစ်ကောင်စီ #နှစ်လအတွင်း #လေကြောင်းတိုက်ခိုက်မှု၄၄ကြိမ် #ချင်းပြည်နယ် #လေကြောင်းတိုက်ခိုက်ခံရမှု #အများဆုံးဖြစ်
#Ayeyarwaddy_Times