ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စက်တင်ဘာနောက်ဆုံးပတ်မှစတင်ကာ ဓါတ်ဆီ နှင့် ဒီဇယ် ဝယ်ယူရန် ခက်ခဲနေကြောင်း ဒေသခံများထံက သိရသည်။

စက်သုံးဆီရောင်းချသည့် ဆီဆိုင်ကြီးများသို့ စက်သုံးဆီကားများ ရောက်လာချိန် နာရီပိုင်းအတွင်းသာ အကန့် အသတ်ဖြင့် ဝယ်ယူရရှိနိုင်ပြီး လမ်းဘေးဆိုင်များနှင့် တစ်ပိုင်တနိုင်ရောင်းချသူများ နည်းပါးလာခြင်းကြောင့် စက်သုံးဆီဝယ်ယူရန် ခက်ခဲလာခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းရှိ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်များအတွက်ရရှိသည့် စစ်ကောင်စီ၏ စက်သုံးဆီခွဲတန်း နည်းပါးသောကြောင့် ဒေသအတွင်းလုံလောက်မှုမရှိဖြစ်ကာ အကန့်အသတ်ဖြင့်သာ မျှဝေပြီး ရောင်းချနေ ရကြောင်း ဧရာဝတီတိုင်း စက်သုံးဆီလုပ်ငန်းရှင်များအသင်းထံက သိရသည်။

“ဆီပန့်ဆိုင်ကြီးတွေက ဖွင့်ထားပေမယ့် နေ့လည်ပိုင်းသွားဝယ်ရင် ကုန်ပြီဆိုပြီး လက်ခါပြတယ်။ နံနက်စော စောစောင့်ပြီး တန်းစီစောင့်ဝယ်ရတယ်။ ဒါပေမယ့် နေ့တိုင်း တနေ့လုံး အချိန်မရွေး ဓါတ်ဆီ နဲ့ဒီဇယ် ဝယ်လို့ မရဘူး၊ ရတဲ့အခါတော့ ရတယ် မရရတာကများတယ်” ဟု ပုသိမ်မြို့ခံ အိုးဝေသုံးဘီးကားမောင်းသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စက်သုံးဆီတင်သွင်းရောင်းချသူများကို စစ်ကောင်စီ၏ဗဟိုဘဏ်က စက်သုံးဆီဝယ်ယူတင်သွင်းမှု၏ ၄၀ ရာခိုင်နှုန်းကိုသာ ဒေါ်လာရောင်းချပေးသည့်အတွက် စက်သုံးဆီဝယ်ယူတင်သွင်းရောင်းချခြင်းကို လျှော့ချခြင်းဖြစ်ကြောင်း စက်သုံးဆီဖြန့်ဖြူးရောင်းချသူများထံက သိရသည်။

“ဗဟိုဘဏ်က ဒေါ်လာကို ၄၀ ရာခိုင်နှုန်းပဲရောင်းပေးတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကို မှောင်ခိုဈေးကွက် ကရှာဝယ်ရတယ်။ ပြီးတော့ ရည်ညွှန်းရောင်းဈေးနှုန်းကို ၄၀ ရာခိုင်နှုန်းပေါ်မှာ အခြေခံသတ်မှတ်တော့ ရှုံးပြီလေ။ ဒါကြောင့်အချို့ကုမ္ပဏီကြီးတွေက ဗဟိုဘဏ်ကထုတ်ရောင်းပေးတဲ့ ဒေါ်လာ ၄၀ ရာခိုင်နှုန်းနဲ့ပဲ စက်သုံးဆီတင်သွင်းတော့တဲ့အခါ ပြည်တွင်းဝယ်လိုအားကို မမှီတော့ဘူး” ဟု စက်သုံးဆီရောင်းဝယ်ရေး ကုမ္ပဏီ မန်နေဂျာတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့ကြီးများတွင် စက်သုံးဆီ ရောင်းချသည့် ပန့်ဆိုင်ကြီး အနည်းဆုံးနှစ်ဆိုင်ရှိပြီး တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် ပုသိမ်မြို့တွင် ဆီဆိုင် ၁၈ ဆိုင်ရှိသော်လည်း သုံးဆိုင်ခန့်သာ ရောင်းချချိန် ၄ နာရီအတွင်း ဆိုင်ကယ်တစ်စီးလျှင် ဓါတ်ဆီ ၃၀၀၀ ဖိုးသာအကန့်အသတ်ဖြင့် ရောင်းချပေးကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ- ပုသိမ်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်

#ဧရာဝတီတိုင်း #စက်သုံးဆီ #ဝယ်ယူရန် #ခက်ခဲနေ
#Ayeyarwaddy_Times