ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ရက်

ရခိုင်ပြည်နယ် သံတွဲမြို့တွင်းကို စစ်ကောင်စီက ဗုံးကြဲချခဲ့၍ လူအစုလိုက် အပြုံလိုက်သေဆုံးပြီးနောက် တစ်ပတ်(၇ရက်) အတွင်း ထပ်မံ၍ ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ အောက်တိုဘာ ၁ရက်နေ့ မွန်းလွဲ ၃နာရီခန့်တွင် သံတွဲမြို့၊ ညောင်ခြေထောက် ကျေးရွာကို လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“တိုက်ပွဲမရှိဘူးလေ။ အဲဒါကို ဒီအတိုင်းဗုံးလာကြဲတာ။ ဟိုရက်ကလည်း မြို့ပေါ်ကိုကြဲတယ်။ လူသတ်ချင်လို့ကို စစ်တပ်က တမင်ဗုံးကြဲနေတာ။ အခုထိ နေရပ်ရွာကို မပြန်ရသေးဘူး။ အိမ်လည်း မရှိတော့ဘူးလေ” ဟု သံတွဲမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက်နေ့ နံနက်အစောပိုင်းက သံတွဲရှိ မြို့နယ်ခန်းမနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတို့ကို ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် စစ်ဘေးရှောင်နေသည့် ကလေးသူငယ်များအပါအဝင် ပြည်သူ ၁၉ ဦးသေဆုံးပြီး ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာ ၂၂ရက်နေ့ကလည်း သံတွဲမြို့နယ်အတွင်းရှိ ပေါက်တူးကျေးရွာကို ဂျက်ဖိုက်တာနှင့်လာရောက်၍ ပေါင် ၅၀၀ ဗုံးများကြဲချခဲ့သည့်အတွက် ကလေးတစ်ဦးအပါအဝင် သုံးဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကောင်စီက လက်လွှတ်လိုက်ရသည့်တိုင်းရင်းသားနယ်မြေများကို ပြန်လည်ရယူရန် ဗုံးကြဲ တိုက်ခိုက်သွားမည်ဟု ထုတ်ဖော်ပြောဆိုပြီးနောက် ၎င်းတို့လက်လွှတ်ခဲ့ရသည့် သံတွဲမြို့ကို ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။

ထိုသို့ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သံတွဲမြို့နယ်တွင် နှစ်ပတ်အတွင်း ပြည်သူ နှစ်ဒါဇင်နီးပါး သေဆုံး ခဲ့ရပြီး ၃၀ နီးပါးပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

ပုံစာ- စက်တင်ဘာ ၂၆ရက်က သံတွဲမြို့ပေါ်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ထားစဥ်

#ရခိုင် #သံတွဲ #စစ်ကောင်စီ #ဗုံးကြဲ #ညောင်ခြေထောက်ရွာ #Ayeyarwaddy_Times