ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများဝင်ရောက်မှုနည်းပါး‌ချိန်တွင် လျှပ်စစ်သုံး မော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်သည့်လုပ်ငန်းအပါအဝင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ရှစ် ခုကို ခွင့်ပြုပေးကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံကော်မရှင်ထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သော အစည်းအဝေးတွင် ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး လျှပ်စစ်ကားတပ်ဆင်ထုတ်လုပ်မှု စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍစသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ရှစ် ခုနှင့် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ကြောင်းသိရသည်။

လက်ရှိမြန်မာနိုင်ငံအခြေအနေတွင် လျှပ်စစ်မီးကောင်းမွန်စွာမပေးနိုင်သည့်အပြင် လျှပ်စစ်ကားပစ္စည်း အစိတ်အပိုင်းများ ကဈေးကြီးပြီး သယ်ယူ၊တပ်ဆင် ကုန်ကျစရိတ်များသဖြင့် လျှပ်စစ်ကားတပ်ဆင် ထုတ်လုပ်ရန်ခက်ခဲနိုင်ကြောင်း မော်တော်ယာဉ်ရောင်းဝယ်သူ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးက ပြောကြားသည်။

” လျှပ်စစ်ကားတပ်ဆင်မယ်ဆိုရင် တရုတ်ကားတွေပဲဖြစ်မှာ။ တရုတ်ကားတွေက ဘတ္ထရီမကောင်းဘူး။ ဒီမှာလည်းမီးက မှန်တာမဟုတ်တော့အဆင်ပြေမယ်မထင်ဘူး။ EV ကားတစ်စီး အသေးလေးကို အနိမ့်ဆုံး ကျပ် သိန်း ၇၀၀ လောက်ရှိတယ်။ EV ကားတွေမီးလောင်နေတာ။ စိတ်မချရဘူး” ဟု ရန်ကုန်မြို့ခံ ကိုယ်ပိုင်ယာဉ်မောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံ မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉ သန်းကျော်နှင့် ငွေကျပ်သန်းပေါင်း ၄၆၀၀၀ ကျော်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်းအနေဖြင့် ၁၉၇၂ ယောက်အတွက် ဖန်တီးပေးနိုင် မှာဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ဒေသပေါင်း ၅၃ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံများတွင် စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ ကုန်အထိ စာရင်းများအရ ရင်းနှီးမြှုပ်နှံကော်မရှင်ထံက သိရသည်။

ပြီးခဲ့သည့်နှစ်တွင် လျှပ်စစ်တော်ယာဉ်တင်သွင်းခွင့်ကိုစတင်ခွင့်ပြုပြီး မြန်မာနိုင်ငံတွင်အစီးရေ ထောင်ကျော် အသုံးပြုနေကြောင်းသိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်၊ ဧရာဝတီတိုင်းမ်
#လျှပ်စစ်ကား #SKD #စစ်ကောင်စီခွင့်ပြု #ရင်းနှီးမြှပ်နှံမှုလုပ်ငန်းသစ် #ရှစ်ခု #Ayeyarwaddy_Times