မြရာ/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်

နေပြည်တော် ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံများ အတွင်း သို့လည်း ရေများဝင်ရောက်၍ နစ်မြုပ်မျောပါမှုများရှိခဲ့သည်။

အမှတ်(၁) နှင့် (၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁ နှင့် ၄ ) တွင် ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် ရေနှင့်မျောပါသွားသည့်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ဆယ်ယူကယ်ဆယ်ရေးထက် လက်နက်ခဲယမ်းများကိုသာ ဦးစားပေးလိုက်လံရှာ ဖွေဆယ်ယူခဲ့ သည့်အတွက် နောက်ဆက်တွဲစာရင်းများအရ လူသေဆုံးမှုမှာ ၃၀ ကျော်အထိရှိကြောင်း တပ် သတင်းရင်း မြစ်ထံက သိရသည်။

“၃၀ ကျော်ပျောက်ဆုံးပါတယ်။ အရာရှိ ရှစ် လောင်း လောက်သာပြန်ရပါတယ်။ စက်ရုံတွေလည်း ပျက်စီး တယ်။ လူသစ်စုပြီး လက်နက်ငယ်တွေ အပြည့်အဝ တပ်ဆင်ပေးဖို့ ကပစ ၁ က အဓိက ကျတယ်။ လက်နက်ခဲယမ်းတွေလည်း မျောပါကုန်တာ။ အဲဒါတွေကိုအရင် ရှာဖွေပြီး ပြန်လိုက် ဆယ်တာ။ လူတွေကို နောက်မှအလောင်းလိုက်ကောက်တာ” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီ တိုင်းမ် ကိုပြောသည်။

နေပြည်တော်အရှေ့ဘက် တပ်ကုန်းမြို့နယ် နတ်မရွာဘေးရှိ စစ်တပ်သုံးရေကာတာကျိုးပေါက်၍ ကပစ-၁ အတွင်းသို့ ရေများးဝင်ရောက်ကာ ခြောက်ခန်းတွဲလိုင်းခန်းနှင့် နှစ်ထပ်ဆောင်များပါ ရေနစ်မြုပ်ပြီး တပ်ကြပ်အဆင့်အပါအဝင် ၂၀ ကျော်သေဆုံးပြီး ပျောက်ဆုံးသူများလည်းရှိကြောင်းကို ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့က ဧရာဝတီတိုင်းမ်သတင်းဌာနတွင် ဖော် ပြခဲ့ပြီးဖြစ်သည်။

‌နေပြည်တော်တွင် ကာကွယ်ရေးပစ္စည်းစက်ရုံ နှစ်ခုရှိ ပြီး ကပစ ၁ နှင့် ၄ တို့ဖြစ်ကာ ရေကြီးမှုဖြစ်စဉ်တွင် အဆိုပါနှစ်ခုလုံး ရေနစ်မြုပ်၍ မြေပြိုပျက်စီးမှုများရှိကာ ကပစ ၁ တွင် သေဆုံး၊ ပျောက်ဆုံးမှု ပိုများကြောင်း သိရသည်။

ခြေလျင်တပ်သုံးလက်နက်ငယ်စက်ရုံဖြစ်သည့် ကပစ ၁ သည် ထုတ်လုပ်ရေးရပ်နားရသည့်အထိ ပြိုကျပျက်စီးခဲ့ပြီး ကပစအတွင်း အုပ်ချုပ်ရေး၊ စီမံရေး၊ ထုတ်လုပ်ရေး၊ စစ်ဆေးရေးစသည့် စက်ရုံ များတည်ရှိပြီး အဆင့်ဆင့်လည်ပတ်ရသည့်အတွက် စက်ရုံတစ်ရုံပျက်စီးလျှင်ပင် လက်နက် ထုတ်လုပ်ရန် မဖြစ်နိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

#နေပြည်တော်ရေကြီးမှု #ကာကွယ်ရေးပစ္စည်းစက်ရုံ #ကပစ၁ #ကပစ ၄ #ပျက်စီး #သေဆုံး #Ayeyarwaddy_Times