
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ အောက်တိုဘာ ၂ ရက်
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကာင်စီ(IEC) လက်အောက်ခံ ပညာရေးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကာလအတွင်း ကရင်နီပြည်နယ်အတွင်းရှိ ကျောင်းပေါင်း ၃၆၁ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ပေါင်း ၅၄၉၉၃ ဦးကို ကူညီပံ့ပို့မှုများ ပေးနိုင်ခဲ့ကြောင်း ပညာရေးဌာန၏ တစ်နှစ်တာ အစီရင်ခံစာအရ သိရသည်။
ထို့ပြင် ယခု၂၀၂၃-၂၀၂၄ စာသင်နှစ်အတွင်း ပြည်သူ့အခြေပြုကျောင်းများရှိ ဆရာ၊ ဆရာမ ၂၇၈၇ ဦးကို IEC ပညာရေးဌာန နှင့် ဆယ်သဲဖောင်ဒေးရှင်း တို့ ပူးပေါင်းကွင်းဆင်း၍ တစ်ဦးလျှင် လစာငွေ ၁၅၀,၀၀၀ ကျပ်ကို ထောက်ပံ့မှုများ ပေးနိုင်ခဲ့ကြောင်း သိရသည်။
“လစာတော့မဟုတ်ဘူးပေါ့နော်။ မုန့်ဖိုးလေးကူပေးတဲ့အနေအထားလောက်သာရှိပါတယ်။ ပြီးတော့ ရန်ပုံငွေအခက်အခဲကြောင့် ကျောင်းအားလုံးကိုလည်းမပေးနိုင်သေးဘူး။ လောလောဆယ်အခြေအနေအရ ပြင်ပအလှူရှင်တချို့ရဲ့ ပံ့ပိုးကူညီမှုနဲ့ ပြည်သူ့အခွန်ငွေကနေ ကျွန်မတို့ပညာရေး၀န်ထမ်းတွေကို ဒီပညာသင်နှစ် တစ်နှစ်စာအတွက်တော့ ဆက်လက်ထောက်ပံ့သွားဖို့အတတ်နိုင်ဆုံးကြိုးစားနေပါတယ်” ဟု IEC ပညာရေးဌာနမှ ဌာနမှူးကြီးမော်မိမာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
IEC ပညာရေးဌာနအနေဖြင့် ဌာနဖွဲ့စည်းချိန်မှ စတင်၍ ပြည်နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမ အရေ အတွက်ကိုစာရင်းပြုစုခြင်း၊ နိုင်ငံတကာ ကူညီမှုရရန်ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဆရာ၊ ဆရာမ ထောက်ပံ့ကြေးရရှိနိုင်ရန် ဆောင်ရွက်ခြင်း၊ ကျောင်းသင်ထောက်ကူ ပစ္စည်းများထုတ်ဝေခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ကရင်နီပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဆိုမို၊ မယ်စဲ့၊ ဖားဆာင်း စသည့်မြို့နယ်များမှ ကျောင်းသား၊ ကျောင်း သူများနှင့် ဆရာ၊ ဆရာမများကို ကူညီမှုများ ပေးခဲ့ခြင်းဖြစ်သည်။
“စိန်ခေါ်မှုတွေကအများကြီးရှိပါတယ်။ အထူးဖြင့် ယခုအခြေအနေမှာ ကလေးတွေရဲ့လုံခြုံရေးကို အထူးစိုးရိမ်ရပါတယ်။ အခက်အခဲအကျပ်အတည်းအမျိုးမျိုးကြား အရဲစွန့်ပြီး ကလေးတွေရဲ့ပညာရေးကို ဆောင်ရွက်နေကြရတဲ့အပေါ်မှာ စိန်ခေါ်မှုတွေက အလွန်ကြီးမားပါတယ်။ လုံခြုံရေးအပြင် လိုအပ်တဲ့အရင်းအမြစ်တွေ၊ ရန်ပုံငွေတွေ မလုံလောက်တာတွေရှိတယ်ပေါ့နော်” ဟု ဌာနမှူးကြီး မော်မိမာက ဆက်လက်ပြောကြားသည်။
ပညာရေးဌာနမှ ပဋိပက္ခကာလအတွင်း ကလေးသူငယ်များ ပညာသင်ခွင့် မရှုံးဆုံးရစေရေး အတွက် ပညာရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေသော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျောင်းသူ၊ ကျောင်းသား ၁၃ ဦး သေဆုံးခဲ့ရပြီး ဗုံးကြဲခံရမှု ကြောင့်ပျက်စီးခဲ့သည့် စာသင် ကျောင်းပေါင်း ၁၂ ကျောင်းအထိရှိ ကြောင်းလည်း အစီရင်ခံစာအရ သိရသည်။
ထို့ပြင် ပညာရေးဌာနမှ စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင်း ပျက်စီးခဲ့ရသည့် ကျောင်းများနှင့် မြို့နေရာပြောင်းရွှေ့ ဖွင့်လှစ်ထားသည့် ကျောင်း ၁၁၁ ကျောင်းမှ ကျောင်းဆောင်သစ် ဆောက်လုပ်ရေးအတွက်လည်း ပံ့ပိုးကူညီမှုများ ပေးခဲ့ကြောင်းသိရသည်။
လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တွင်လည်း မြို့နယ်များတိုးချဲ့၍ ကျောင်းသူ၊ ကျောင်းသား ၆၁၄၂၈ ဦး၊ ကျောင်းပေါင်း ၄၈၄ ကျောင်း နှင့် ဆရာ၊ဆရာမ ပေါင်း ၄၅၈၈ ဦးကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း IEC ပညာရေးဌာနက ဆိုထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ကရင်နီ #ပညာရေးဌာန #လစာငွေထောက်ပံ့ #IEC #Ayeyarwaddy_Times