ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်

ဧရာ၀တီတိုင်း ပုသိမ်မြို့တွင် ရှိသော တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများကို စစ်ကောင်စီက အောက်တိုဘာလ (၁)ရက်နေ့မှ စတင်၍ စစ်သင်တန်းဖွင့်လှစ် သင်ကြားပေးနေကြောင်း သိရသည်။

ပုသိမ်မြို့ရှိ ပုသိမ်တက္ကသိုလ်၊ ပညာရေးကောလိပ်၊ နည်းပညာ သိပ္ပံတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသား ၁၀၀ကျော် အခြေခံစစ်သင်တန်း တက်ရောက်နေကြကြောင်း ပညာရေးဝန်ထမ်းများထံမှ သိရသည်။

“အရင်သင်တန်းတက်ပြီးသားတွေကိုပဲ ခုက တတိယအကြိမ် စခန်းချနည်းနဲ့တောတွင်းနေထိုင်နည်းဆိုပြီးဖွင့်တာပါ။ တက္ကသိုလ် ဆရာ၊ ဆရာမတွေက မတက်မနေရ အမိန့်နဲ့တက်ရတယ်။ ကျောင်းသား၊ ကျောင်းသူတွေက တော့ ဆရာမတွေ က ဘယ်လိုစည်းရုံးပြီး သင်တန်းတက်ခိုင်းလဲမသိဘူး။ အများစုကတော့ စစ်ကောင်စီနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သူတွေများပါတယ်”ဟု တက္ကသိုလ်ဆရာတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီလ ၅ရက်နေ့ကလည်း ပုသိမ်မြို့ရှိ တက္ကသိုလ်များမှဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူ ၁၁၆ဦးကို အခြေခံစစ်သင်တန်း ပထမအကြိမ်ပေးခဲ့ပြီး ဇွန်လ ၂၄ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံဖွင့်လှစ်ခဲ့ကာ ယခုတတိယအကြိမ်အဖြစ် စခန်းချနည်းသင်တန်းထပ်မံဖွင့်လှစ်ခြင်းဖြစ်သည်။

လက်ရှိတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်အမှတ်(၇)တက္ကသိုလ် လေ့ကျင့်ရေးသင်တန်းကျောင်းတွင်သင်ကြားပေးနေပြီး အောက်တိုဘာလ(၁)ရက်နေ့မှ စတင်ကာ နှစ်ပတ်ကြာသင်ကြားပေးမည်ဟု မြို့နယ်စစ်ကောင်စီနှင့်နီးစပ်သူများထံမှ သိရှိရသည်။

#ပုသိမ် #တက္ကသိုလ်၊ #ကောလိပ်များမှ #ဆရာ၊ #ဆရာမများနှင့်ကျောင်သား၊ #ကျောင်းသူများ #တတိယအကြိမ် စစ်သင်တန်းပေး #Ayeyarwaddy_Times