အယိုက်လင်း/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် သန်းခေါင်စာရင်း ကောက်ယူနေသည့် စစ်ကောင်စီတပ်နှင့် CDF-Hakha တို့ ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးထံက သိရှိရသည်။

ဟားခါးမြို့တွင် ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ မနက် ၉ နာရီအချိန်ကစ၍ စျေးဟောင်းရပ်ကွက်၊ အစိုးရမူကြိုကျောင်းနှင့် ရဲစခန်းအနီးတဝိုက်ရှိ နေအိမ်များကို တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်ယူရာမှ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ သန်းခေါင်စာရင်း ကောက်ယူနေသည့် စစ်ကောင်စီတပ်နှင့် CDF-Hakha တို့သည် ရဲစခန်းအနီးနာရီဝက်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ခြင်း ဖြစ်သည်။

“စစ်သား၊ ရဲတွေ လုံခြုံရေးအပြည့်နဲ့ ဒီနေ့ သန်းခေါင်စာရင်း စတင်ကောက်ယူနေပါပြီ။ Non CDM ကျောင်းဆရာတွေ၊ ထွေအုပ် ဝန်ထမ်းတွေလည်းပါတယ်။ ရဲစခန်းအနီးဘက် ကောက်ယူနေတဲ့ချိန် ပစ်ခတ်မှုဖြစ်သွားတယ်”ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါးမြို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရာတွင် Non CDM ဝန်ထမ်းများအနေဖြင့် ပူးပေါင်းပါဝင်
ခြင်းမပြုရန် စက်တင်ဘာလ ၂၃ ရက်နေ့ကထုတ်ပြန်ခဲ့သော်လည်း ယနေ့မနက် သန်းခေါင်စာရင်း ကောက်ယူရာတွင် Non CDM အများပြားပါဝင်နေကြောင်း သိရသည်။

အလားတူ ဖလမ်းမြို့တွင်လည်း အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းက မြို့တွင်း လုံခြုံရေးအများပြားချထားပြီး Non CDM ဝန်ထမ်းများနှင့်အတူ သန်းခေါင်စာရင်း ကောက်ယူခဲ့ကြောင်း သိရသည်။

“မနက်ပိုင်းက သန်းခေါင်စာရင်း လာကောက်ယူကြပါတယ်။ မြို့ထဲမှာ လူမရှိတဲ့ အိမ်တွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ အဲ့ဒီအိမ်တွေကို ကျော်တက်ပြီး စာရင်းကောက်သွားတာ တွေ့ရတယ်” ဟု ဖလမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ ကန်ပက်လက်၊ တီးတိန်၊ မင်းတပ် စသည့်မြို့များသည် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သော်လည်း ထန်တလန်နှင့် မင်းတပ်မြို့သည် လက်ရှိတွင် တိုက်ပွဲဖြစ်နေသည့်အတွက် သန်းခေါင်စာရင်း ကောက်ယူနိုင်မည်မဟုတ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုထားသည်။

စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ သန်းခေါင်စာရင်း ကောက်ယူနေပြီဖြစ်သည်။

#သန်းခေါင်စာရင်း #ချင်းပြည်နယ် #ဟားခါးမြို့ #ပစ်ခတ်မှုဖြစ်ပွား #Ayeyarwaddy_Times