
ဧရာဝတီတိုင်းမ်
(မတူပီ)၊ အောက်တိုဘာ ၂ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေကြောင်းဒေသခံများထံက သိရသည်။
စစ်ကောင်စီက မတူပီမြို့သို့ ထွက်ခွာမည့် ကုန်တင်ယာဥ်များကို မကွေးတိုင်း၊ ဂန့်ဂေါခရိုင်တွင် ပိတ်ပင်ကန့်သတ်ခြင်းနှင့် နိုင်ငံရေးအခြေအနေများကြောင့် မတူပီမြို့နယ်တွင် ကုန်ဈေးနှုန်း မြင့်တက်ခြင်းဖြစ်ကြောင်းသိရသည်။
“တစ်ပတ်(သို့မဟုတ်)နှစ်ပတ်ခန့်မှ ကုန်တင်ယာဥ်တွေ တစ်ကြိမ်ခန့်ဝင်ရောက်လာတယ်ပေါ့နော်။ ပြီးတော့ ရေဇွာမြို့မှာ ရှိတဲ့ ကုန်ပစ္စည်းတွေကိုလည်း မတူပီမြို့နယ်၊ ပလက်ဝ တစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေက အစုလိုက်နဲ့ လာရောက်ဝယ်ယူသယ်ဆောင်တာကြောင့် မကြာခဏကုန်ပစ္စည်း ပြတ်တောက်တာလည်း ကြုံရတယ်။ ဒါကြောင့် ကုန်ပစ္စည်းတွေ အခုလိုမြင့်တက်လာတယ်လို့ ထင်တယ်” ဟု မတူပီမြို့နယ်၊ ရေဇွာမြို့၊ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့နယ်၊ ရေဇွာမြို့ပေါ်တွင် Sunday ကော်ဖီမစ်အထုပ်ကြီးတစ်ထုတ်ကို ၁၈,၀၀၀ ကျပ်ဖြင့် ဝယ်ယူနေရပြီး ထိုနည်းတူအခြားကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေကြောင်းသိရသည်။
မတူပီမြို့သိမ်းတိုက်ပွဲကြောင့် ထွက်ပြေးလာကြသော ပြည်သူများလည်း ရေဇွာမြို့ပေါ်တွင် စစ်ရှောင်နေကြရပြီး ဒေသခံများအပါအဝင် စစ်ရှောင်ပြည်သူများဝင်ငွေရရှိမည့် အလုပ်အကိုင်များ လည်း မရှိကြောင်းသိရသည်။
“တစ်ခါတလေမှာ ခြံထဲက ပေါင်းရှင်းတာတွေပဲ လုပ်တယ်။ နေ့စဥ်ဝင်ငွေရရှိမယ့် အကိုင်မရှိတော့ စားဝတ်နေရေးပိုင်းမှာ တော်တော်လေး အခက်အခဲ ကြုံရတယ်။ မြို့ပေါ်မှာ ကုန်ဈေးနှုန်းလည်း အဆမတန်မြင့်တက်နေတော့ ရတဲ့ဝင်ငွေနဲ့ ကော်ဖီမစ်အထုပ်ကြီးတစ်ထုတ်တောင် ဝယ်မရတဲ့ အခြေအနေပေါ့” ဟု ရေဇွာမြို့၊ ဒေသခံအမျိုးသမီးတစ်ဦးကလည်း ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရေဇွာမြို့တွင် အမျိုးသားတစ်ဦးလျှင် တစ်ရက်လုပ်အားခ ၁၂,၀၀၀ ကျပ်ရရှိပြီး အမျိုးသမီးတစ်ဦးလျှင် ၁၀,၀၀၀ ကျပ်ရရှိကြောင်း သိရသည်။
မတူပီမြို့ကို အာရက္ခတပ်တော်(AA)၊ CDF-မတူပီ၊ တပ်မဟာ(၁) ၊ ချင်းညီနောင်နှင့် မဟာမိတ် တပ်ပေါင်းစုများက ပြီးခဲ့သည့် ဇွန်လတွင် အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး တော်လှန်ရေးအချင်းချင်း ပဋိပက္ခ ကြောင့် ဒေသခံအနည်းစုသာ မြို့ပေါ်တွင် ပြန်လည်နေထိုင်ကြကာ အများစုမှာ စစ်ရှောင် နေကြဆဲဖြစ်ကြောင်းသိရသည်။
ပုံစာ-ရေဇွာမြို့
#ချင်းပြည်နယ် #မတူပီမြို့နယ် #ကုန်ဈေးနှုန်း #အဆမတန်မြင့်တက် #ဝင်ငွေ #အလုပ်အကိုင်ရှားပါး #Ayeyarwaddy_Times