ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက်ဗုံးကြဲခဲ့ရာ ပြည်သူ ရှစ်ဦး သေဆုံးပြီး ၁၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ စက်တင်ဘာ ၃၀ရက်နေ့နှင့် စက်တင်ဘာ ၂၉ရက်နေ့တို့တွင် ကောလင်း မြို့နယ်ရှိ ရွာသစ်ကျေးရွာနှင့် ဥက္ကံကျေးရွာတို့ကို ပေါင် ၅၀၀ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကောလင်းခရိုင် အမှတ်(၂) တပ်ရင်းက ထုတ်ပြန်သည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိသလို PDF များလည်းမရှိဘဲ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားကာ ပြီးခဲ့သည့် စက်တင်ဘာ ၂၉ရက်နေ့ ည၁၁နာရီ ၁၀မိနစ်ခန့်က ကောလင်းမြို့နယ် အနောက် တောင်ဘက်ခြမ်း ရွာသစ်ကျေးရွာအနီးသို့ ဂျက်ဖိုက်တာ တစ်စင်း ဖြင့် ပေါင် ၅၀၀ ဗုံးသီး နှစ်လုံး ကြဲချကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ကောလင်းခရိုင် အမှတ် (၂) တပ်ရင်းက ဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး ၁၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ စက်တင်ဘာ ၃၀ရက် နေ့လယ် ၁၁နာရီ ၅၀မိနစ်ခန့်ကလည်း ကောလင်းမြို့နယ် အနောက်ဘက်ခြမ်း ဥက္ကံကျေးရွာ မြောက်ပိုင်းကို ဂျက်ဖိုက်တာ နှစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးသီး လေးလုံး ကြဲချကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိသလို PDF များလည်းမရှိဘဲ ပြည်သူကိုပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ခုနစ် ဦး သေဆုံးပြီး လေး ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
စစ်ကောင်စီသည် ကောလင်းမြို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ရက်နေ့မှစ၍ ပြန်လည်ထိန်းချုပ်ထားပြီး မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေရာယူထားခဲ့သည်။
စစ်ကောင်စီက ကောလင်းမြို့ကိုပြန်လည် ထိန်းချုပ်ပြီးနောက် မြို့ပေါ်ရှိ ရပ်ကွက် ရှစ်ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ရာ မြို့၏ ၈၀ ရာခိုင်နှုန်းမှာ မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကောလင်းမြို့နယ်အတွင်းရှိ ရွာပေါင်း ၂၅ ရွာမှ ဒေသခံသောင်းချီမှာလည်း အိုးအိမ်များကို စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဓာတ်ပုံ-ကောလင်းခရိုင် အမှတ်(၂) တပ်ရင်း
#စစ်ကိုင်း #ကောလင်း #စစ်ကောင်စီ #ဗုံးကြဲ #ပြည်သူ #သေဆုံး #Ayeyarwaddy_Times