ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း နခခ ၅ မြို့သူကြီးကို အာရက္ခတပ်တော် (AA) က ဘက်ပေါင်းစုံမှ ပိတ်ဆို့တိုက်ခိုက်နေရာ စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ခုခံနေကြောင်း သိရသည်။
စစ်ကောင်စီက ယမန်နေ့ စက်တင်ဘာ ၃၀ရက်နေ့နှင့် စက်တင်ဘာ ၂၉ ရက်နေ့တို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ မောင်တောမြို့တွင်းရှိ နေအိမ် ၁၀၀နီးပါး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် စက်တင်ဘာ ၂၉ရက်နေ့ နံနက် ၈နာရီမှ ၉နာရီကျော်ထိ Y12လေယာဉ်ဖြင့် အမှတ် (၂) ရပ်ကွက်၊ မြို့မကညင်တန်း၊ ငခူရကျေးရွာ၊ ဝီမလ၊ ရွှေဇားရပ်ကွက်တို့ကို ဗုံးအလုံးရေ ၆၀ ကျော်ကြဲချတိုက်ခိုက်ခဲ့သည်။
ထို့အပြင် ယမန်နေ့ စက်တင်ဘာ ၃၀ရက်နေ့ နေ့လယ် ၁၁နာရီအချိန်ခန့်မှစ၍ မောင်တောမြို့ပြင်ရှိ နခခ-၅ အနီးတစ်ဝိုက်နှင့် မောင်တောမြို့တွင်းကို လေကြောင်းမှ ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“နခခ ၅ ကကျသွားပြီလို့ပြောတယ်။ မနေ့ကလာပြီးဗုံးကြဲတာမှာ နခခ ၅ ထဲကိုပါကြဲတာ။ ဖုန်းအဆက် အသွယ်တွေလည်းမရသေးလို့ အတည်မပြုနိုင်သေးတာပါ။ မောင်တောမြို့ထဲက ရပ်ကွက်တွေကတော့ ၂၉ ရက် နေ့က ဗုံးကြဲခံရတာမှာ ဗလီတွေပါ မီးလောင်ကုန်တယ်” ဟု မောင်တောမှစစ်ရှောင်လာသည့် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၈ရက်နေ့ နံနက် ၈နာရီခန့်ကလည်း ဂျက်ဖိုက်တာ၊ Y12တို့ဖြင့် လေကြောင်းမှဗုံးကြဲပြီး စက်သေနတ်များဖြင့်ပါ မောင်တောမြို့တွင်းနှင့် နခခ ၅ အနီးကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထို့နောက် ညနေ ၃နာရီခန့်တွင် Y-12 လေယာဉ်ဖြင့် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းအထုတ်များကို နခခ ၅ သို့ ၁၀ ကြိမ်ခန့် ချပေးခဲ့ကြောင်း သိရသည်။
AA သည် စစ်ကောင်စီ၏ နောက်ဆုံးကျန်နေသည့် နခခ ၅ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၇ရက်တွင် ထုတ်ပြန်ပြီးနောက် စစ်ကောင်စီဘက်က ယခုကဲ့သို့ လေကြောင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်လာခြင်းဖြစ်သည်။
ဓာတ်ပုံ- Arakan Princess Media
ပုံစာ- စက်တင်ဘာ ၂၉ရက်တွင် စစ်ကောင်စီက မောင်တောမြို့အတွင်းဗုံးကြဲတိုက်ခိုက်၍ နေအိမ်များ မီးလောင်နေစဉ်
#မောင်တော #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #နေအိမ်၁၀၀နီးပါး #ပျက်စီး #Ayeyarwaddy_Times