
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်
စစ်ကောင်စီက ကောက်ယူမည့် ၂၀၂၄ သန်းခေါင်စာရင်းကောင်ယူမှုတွင် စစ်မက်ဖြစ်ပွားခြင်း မရှိသေးသော ဧရာဝတီတိုင်းတွင် တစ်နိုင်ငံလုံး၏ ၁၀ ရာခိုင်နှုန်း ၁၄,၂၉၆ ဖြင့် ဒုတိယ ကောက်ကွက် အများဆုံးဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မြေပြင်ကွင်းဆင်းရေးဆွဲမှုအရ သန်းခေါင်စာရင်းယူနစ် (Census Unit) ၈၀၀၀၀ ခန့်ရှိပြီး စာရင်းကောက်ကွက်ပေါင်း ၁၁၀,၀၀၀ ခန့်ရှိမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(လ၀က)ထံက သိရသည်။
စစ်ကောင်စီသည့် ရွေးကောက်ပွဲအတွက်ဟုဆိုကာ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းကို ယနေ့ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ကောက်ယူမည်ဖြစ်ပြီး ရှေ့ပြေး လူဦးရေစာရင်းကို ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်မြို့နယ်အချို့တွင် သန်းခေါင်စာရင်းကောက်ယူရန်အတွက် နေအိမ်တွင် စောင့်ဆိုင်းရန် အကြောင်း ကြားစာပေးထားကြောင်းသိရသည်။
” ကျွန်တော်တို့အိမ်နဲ့ အမေတို့အိမ်ဘက်တော့မကောက်သေးဘူး။ ပုသိမ်က အခြားနေရာတွေမှာ ကောက်နေတယ်ကြားတယ်။ ကောက်မယ်ဆိုတော့ လာတော့လာမှာပဲ” ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လူဦးရေထူထပ်သော ရန်ကုန်တိုင်းတွင် သန်းခေါင်စာရင်းကောက်ကွက် ၁၅,၆၈၆ ကွက်၊ ဒုတိယ အများဖြစ်ဆုံးဖြစ်သည့် ဧရာဝတီတိုင်းတွင် ၁၄,၂၉၆ ကွက်တို့ဖြစ်ကြောင်း စစ်ကောင်စီ၏ လ၀က ထံက သိရသည်။
ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင်သန်းခေါင်စာရင်းစတင်ကောက်ယူနေပြီး ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် ကောက်ယူနေကြောင်းသိရသည်။
” စမ်းချောင်းမှာကောက်နေတယ်။ တိုက်ခန်းတွေ တစ်ခန်းခြင်းမေးတယ်။ ( ကောက်ယူသူ) ကလေးတွေပဲ။ အိုင်ပတ်နဲ့ ဒေတာတွေထည့်ပြီးတော့ မေးခွန်းမေးတာ။ စာရွက်မတောင်းဘူး” ဟု စမ်းချောင်းမြို့နယ်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင်ပစ်ခတ်တိုက်ခိုက်မှုများရှိသည့် မန္တလေးတိုင်းအတွင်း ခန့်မှန်းလူဦးရေ ခြောက်သန်းခုနစ်သိန်း ကျော်၊ ခန့်မှန်းအိမ်ထောင်စု တစ်သန်းငါးသိန်းကျော်ရှိပြီး ကောက်ကွက်ပေါင်း ၁၃၀၀၀ ကျော်ဖြင့်ကောက်ယူမည်ဖြစ်သည်။
ပဲခူးတိုင်းတွင် ခရိုင် (၆) ခု၌ စာရင်းကောက်ကွက်ပေါင်း ၁၁,၅၄၀ ကွက်၊ မကွေးတိုင်းရှိ မြို့နယ်၁၇ မြို့နယ်မှ ရပ်ကွက်၁၃၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၄၆ အုပ်စုတွင် ကောက်ယူမည်ဖြစ်ပြီး၊ စာရင်းကောက် စုစုပေါင်း ၅၀၀၀ ကျော်လျာထားကြောင်းသိရသည်။
စစ်ကောင်စီက မကြာခဏမီးရှို့သတ်ဖြတ်နေသည့် တနင်္သာရီတိုင်းတွင် ကောက်ကွက်ပေါင်း ၂၆၀၀ ရှိပြီး စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် စာရင်းကောက်ကွက် ၅၈ ကွက် ရှိကြောင်း စစ်ကောင်စီ၏ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံက သိရသည်။
ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်ဒေသများတွင်မူ သန်းခေါင်စာရင်းကောက်ယူမည့် စာရင်းကောက်ကွက်များကို စစ်ကောင်စီက ဖော်ပြထားခြင်းမရှိ၍ ကောက်ယူနိုင်မည် မဟုတ်ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း ရပ်ကွက် ၆၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၉၅ စု၊ ကောက်ကွက်ပေါင်း ၁၈၅၂ ကွက်ဖြင့်ကောက်ယူမည်ဖြစ်သည်။
ရှမ်းပြည်နယ်တွင် ကောက်ကွက်ပေါင်း ၁၂, ၀၀၀ ကျော်ရှိပြီး ကရင်နီပြည်နယ်(ကယား)မှ နေရပ်စွန့်ခွာပြည်သူများ ဝင်ရောက်နေထိုင်မှုရှိသည့်အတွက် ၎င်းတို့ကိုကောက်ယူနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားထားသည်။
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စု မေးခွန်း ပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုပါဝင်ပြီး CAPI စနစ် ထည့်သွင်း ထားသည့် Mobile Tablet များဖြင့် ကောက်ယူခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ လ၀က ထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်i
#၂၀၂၄ခုနှစ် #သန်းခေါင်စာရင်းစတင်ကောက်ယူ #အောက်တိုဘာ၁ရက် #ဧရာဝတီတိုင်း #ဒုတိယအများဆုံး #Ayeyarwaddy_Times