
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်
အာဏာသိမ်း စစ်ကောင်စီက မန္တလေးမြို့ပေါ်ရှိ ဘုန်ကြီးကျောင်းအချို့တွင် သံယာတော်များကို သန်းခေါင်စာရင်း ကောက်ယူနေပြီး မြို့နယ်အလိုက် ကောက်ယူသွားရန် စီစဉ်နေကြောင်း သံဃသမဂ္ဂ (မန္တလေး) ထံက သိရသည်။
စစ်ကောင်စီက ထိုသို့သန်းခေါင်စာရင်း ကောက်ယူမှုကို ယနေ့ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တရားဝင် ကြေညာထားပြီး ယမန်နေ့ စက်တင်ဘာ ၃၀ ရက်နေ့ကတည်းကပင် ဘုန်းကြီးကျောင်းများကို ကြိုတင်လျှောက်ထားကြောင်း သိရသည်။
“ဘုန်းကြီးကျောင်းတွေ အကုန်လုံးကို သန်းခေါင်စာရင်း ကောက်မယ်လို့ သိရတယ်။ တချို့ကျောင်းတွေ ကောက်နေပြီ။ အချက်အလက်အစုံ မေးသွားတယ်လို့ ကြားရတယ်” ဟု သံဃသမဂ္ဂ (မန္တလေး) အဖွဲ့ဝင် ဆရာတော်တစ်ပါးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက လက်ရှိ သန်းခေါင်စာရင်း ကောက်ယူရာတွင် ၂၀၁၃ သန်းခေါင်စာရင်း ဥပဒေကိုသာ ပြန်လည်၍ အသုံးပြုထားပြီး ယင်းဥပဒေပါ အချက်များအရ ဗုဒ္ဓဘာသာဝင် သံဃာတော်များမှာ ကင်းလွတ်ခွင့် ရရှိထားကြောင်း သိရသည်။
တခြားဘာသာရေး ခေါင်ဆောင်များဖြစ်သော ဟိန္ဒူ ဖာရေစီ၊ ခရစ်ယာန် သင်းအုပ်၊ အစ္စလာမ် မော်လဝီ ဆရာတို့သည် မြန်မာ့ဥပဒေများအရ သာသနာ့ဝန်ထမ်းဟု သတ်မှတ်ထားခြင်း မရှိကြောင်း တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဆိုသည်။
“နိုင်ငံသားများနည်းတူ နိုင်ကတ် ကိုင်ထားတာမို့ ကောက်ယူရပါတယ်။ သံဃာတော်တွေကျ ဝိနည်းလို့ခေါ်တဲ့ အထူးဥပဒေ တစ်ရပ်ရဲ့ ပြဋ္ဌာန်းချက်အရ လောကီအရေးနဲ့ အဆက်ဖြတ်ထားလို့ ကင်းလွတ်ပါတယ်” ဟု စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် စာရင်းစစ်၊ စာရင်းကောက် ၄၂၀၀၀ ဦးခန့် လျာထားပြီး မန္တလေးတိုင်းအတွင်း ကောက်ကွက်ပေါင်း ၁၃၀၀၀ ကျော် ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ၎င်းတို့အားထားရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ပြင်ဦးလွင်အပါအဝင် မြို့နယ်တချို့တွင် တစ်ရက်ကြိုတင်၍ သန်းခေါင်စာရင်း ကောက်ယူသွားကြောင်း သတင်းများအရ သိရသည်။
ဓာတ်ပုံ- အင်တာနက်
#စစ်ကောင်စီ #မန္တလေး #သံဃာများ #သန်းခေါင်စာရင်းကောက်ယူ #Ayeyarwaddy_Times