နိုရာ/ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၁ ရက်

“လူတိုင်းမှာ သိက္ခာရှိတယ်။ သာမာန်လူတစ်ယောက်ရဲ့ သိက္ခာဟာ တစ်ခါကျပြီးရင် ဘယ်တော့မှ အဖတ်ဆယ်မရတော့ဘူး။ ကျွန်မတို့ကတော့ သိက္ခာကို ညတိုင်းချရောင်းနေရတယ်”

အဲဒီ့စကားက နာမည်ကျော် ဘောလိဝုဒ်ဇာတ်ကားတစ်ခုဖြစ်တဲ့ ဂန်ဂူးဘိုင်ဇာတ်ကားထဲက ဇာတ်ကောင် အမျိုးသမီး ဂန်ဂူးဘိုင် ပြောခဲ့တဲ့စကားပေါ့ ကျမသိပ်သဘောကျတာပဲလို့ မဇင်မင်းခိုင်က ပြောပါတယ်။

မဇင်မင်းခိုင်ဟာ အသက်မွေးဝမ်းကြောင်းမှုအတွက် ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်နေတဲ့ အသက် ၂၅နှစ်အရွယ်သာ ရှိသေးတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး စာဖတ်ရတာနဲ့ ရုပ်ရှင်ကြည့်ရတာပြီးရင် သူ့ရဲ့ တစ်ဦးတည်းသောမောင်လေး လူလားမြောက်လာတာကို စောင့်ကြည့်ရတာအကြိုက်ဆုံးလို့ ပြောပါတယ်။

မဇင်မင်းခိုင်ဟာ ၁၀ နှစ်အရွယ် မောင်ဖြစ်သူနဲ့ အသက် ၄၅ နှစ်အရွယ် အမေဖြစ်သူတို့ကို ဒီပြည့်တန်ဆာ လုပ်ငန်းနဲ့ ရှာဖွေ လုပ်ကိုင် ကျွေးမွေးနေတာပါ။

၁၀ တန်းအောင်တဲ့အထိ ပညာသင်ယူခဲ့တဲ့ မဇင်မင်းခိုင်ဟာ မိသားစုအခြေအနေ တစ်ခုကြောင့် ပညာရေး ကိုရပ်တန့်ခဲ့ကာ လိင်လုပ်သား အဖြစ် သက်မွေးလုပ်ကိုင်ခဲ့တာပဲဖြစ်ပါတယ်။

“ကျွန်မတို့မိသားစု ဘဝဟာ သိက္ခာမရှိဘူး။ ပိုက်ဆံရှာဖို့ ကျွန်မလုပ်နိုင်တဲ့ တစ်ခုတည်းသော အလုပ် အဖြစ် ကျွန်မရွေးချယ်ခဲ့ရတယ်။ တွန်းပို့ခံရတယ်ဆိုရင်ပိုမှန်မှာပါ။ နှစ်သက်လွန်းလို့ ဒီအလုပ်ကို လုပ်တဲ့ သူတော့ ဘယ်လိုရှိမလဲလေ။ အကုန်လုံးဟာ အကြောင်းတစ်စုံတရာက တွန်းပို့လို့ ဒီလောကကို ရောက်လာသူတွေချည်းပါပဲ” လို့ မဇင်မင်းခိုင်က ပြောပါတယ်။

ပညာမတတ်၊ အိမ်မှုကိစ္စမလုပ်တတ်၊ အိမ်ထောင်ရေးကို မထိန်းသိမ်းနိုင်၊ သားသမီးကို လမ်းညွှန်ပြနိုင်တဲ့ အရည်အချင်းမရှိ၊ ငွေရှာဖွေ စုဆောင်းမှုလည်းမလုပ်တတ်တဲ့ သူ့ရဲ့အမေဟာ သူဒီလမ်းကြောင်းပေါ်ကို အမြန်ဆုံး‌ရောက်အောင် တွန်းပို့ခဲ့တဲ့ တရားခံလို့လည်း မဇင်မင်းခိုင်က ပြောပါတယ်။

“အဖေကဒုရဲအုပ်ပါ။ ရဲအရာရှိတစ်ယောက်လို့ပြောရင် အကုန်အံ့အားသင့်သွားကြတာချည်းပဲ။ ရဲအရာရှိ တစ်ယောက်ရဲ့ သမီးဟာ ပြည့်တန်ဆာဖြစ်နေတာ ဘယ်သူက ယုံမလဲ” ဟု မဇင်မင်းခိုင်က ပြောပါတယ်။

မဇင်မင်းခိုင်ရဲ့အဖေဖြစ်သူဟာ ပြန်တမ်းဝင်အရာရှိ ဒုရဲအုပ်တစ်ယောက်ဖြစ်ပြီး အမေဖြစ်သူကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့တဲ့အတွက် အိမ်မှုကိစ္စကို ကောင်းစွာထိန်းသိမ်းနိုင်ခြင်းမရှိဘဲ ရဲအုပ်ကတော်အဖြစ် ကျော့ကျော့လေးသာနေတတ်တဲ့ အမျိုးသမီးတစ်ဦးလို့ မဇင်မင်းခိုင်ရဲ့ ပြောပြချက် အရ သိရပါတယ်။

“အဖေ မယားငယ်ထားတာကစတယ်ပြောရမလား။ မယားငယ်နဲ့အဆက်ဖြတ်ဖို့ကို မကိုင်တွယ်တတ်တဲ့ အမေကြောင့်ပဲ ဘဝတွေပျက်ခဲ့ရတယ်ပြောရမလားပဲ။ နောက်ဆုံးတော့ ကျွန်မ ဒီဘဝရောက်တာပါပဲ” ဟု မဇင်မင်းခိုင်က ပြောပါတယ်။

မဇင်မင်းခိုင်အမေဟာ သူ့ရဲ့ ခင်ပွန်း မယားငယ်ထားသည်ဆိုကာ စခန်းမှူးကိုတက်တိုင်ခဲ့တာကြောင့် အဖေဖြစ်သူအလုပ်ပြုတ်ခဲ့ပြီး အမေဖြစ်သူနဲ့ ကွာရှင်းကာ အသက် ၁ နှစ်သာရှိသေးတဲ့မောင်ငယ်နဲ့ အသက် ၁၇နှစ်ရှိပြီဖြစ်တဲ့ မဇင်မင်းခိုင်တို့ဟာ အမေဖြစ်သူနဲ့ လိုက်နေခဲ့ပါတယ်။

မဇင်မင်းခိုင်ဟာ မိသားစုပြိုကွဲတဲ့ နေ့မှာပဲ ငယ်သူငယ်ချင်းတစ်ယောက်အိမ်မှာ နေထိုင်ခွင့်တောင်းခံ နေလိုက်ရပြီး အမေဖြစ်သူနဲ့ မောင်ငယ်လေးကတော့ ဆွေမျိုးနီးစပ်မကင်းတဲ့ လက်ဖက်ရည်ဆိုင်မှာ နေဖို့ဖြစ်လာပါတယ်။

“ဘယ်လိုပဲအဆင်မပြေစေဦးတော့ မိသားစုနဲ့ပဲအတူနေချင်တယ်။ အမေ့နဲ့‌မောင်လေးကို စက်ရုံမှာ helper အကူလုပ်ပြီး လုပ်ကျွေးမယ်ဆိုပြီး အမေ့ဆီကို မနက်အစောကြီး သွားတွေ့တာ။ အမေ့ခြင်ထောင် ထဲကနေ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးလေးကြီးကထွက်လာတယ်။ အမေဟာ ကျောတစ်နေရာစာ အတွက် ဒီလောက်သိက္ခာမဲ့သတဲ့လား” ဟု မဇင်မင်းခိုင်က ပြောပါတယ်။

အဲဒီလိုအခြေအနေတွေ ဖြစ်လာပြီးတော့ သူဟာ သူငယ်ချင်းအိမ်မှာဆက်မနေတော့ဘဲ စင်တင် စားသောက်ဆိုင်မှာ သီချင်းဆိုရင်း ငွေရမြန်ဆန်တဲ့ လိင်လုပ်ငန်းဘက်ကို ကူးခဲ့တယ်လို့ ဆိုပါတယ်။

“ဂျပန်နဲ့ သွင်းကုန်ထုတ်ကုန်လုပ်ငန်းလုပ်နေတဲ့ သူဌေးတစ်ယောက်နဲ့ချိတ်မိတယ်။ သူကအိမ်ငှားပေး ထားလို့ အမေနဲ့ မောင်လေးကိုပါခေါ်နေလိုက်တယ်။ သူလာတဲ့ရက်တွေတော့ ဟိုတယ်မှာသွားအိပ်တယ်။ ဆက်ဆံဖော်လည်း ပင်ပန်းတကြီးရှာမနေတော့ဘူး။ အရေးပေါ်အသုံးလိုမှသာ long sale သဘောမျိုး လိုက်တော့တယ်” ဟု မဇင်မင်းခိုင်ကပြောပါတယ်။

အသက်ငယ်ငယ်လေးနဲ့ အဖေဖြစ်သူရဲ့ ဖောက်ပြန်မှု၊ အမေဖြစ်သူရဲ့အပေါစားဆန်မှုတွေကို မြင်တွေ့ ခဲ့ရတဲ့မောင်ငယ်ကို သူ့ရဲ့ သိက္ခာမဲ့မှုကိုပါ ထပ်မပြချင်ဘူးလို့ မဇင်မင်းခိုင်ကပြောပါတယ်။

ဒီလိုလုပ်ငန်းကိုလုပ်ကိုင်ရမှာ မဇင်မင်းခိုင်တို့ကြုံရတာကတော့ သူတို့နဲ့ ဆက်ဆံဖော်တွေဟာ ဓမ္မတာနဲ့ ဆန့်ကျင်ပြီး လိင်ဆက်ဆံမှုပြုချင်တာနဲ့ ကွန်ဒုံးမသုံးချင်တာပဲဖြစ်ပါတယ်။

အုပ်စုဖွဲ့ အကြမ်းဖက်လိင်ဆက်ဆံခံရတာတွေလည်းရှိပြီး လုပ်ငန်းပြီးတဲ့အခါ တောင်းထားတဲ့ ငွေကြေးမရတာတွေကလည်း အကြိမ်ရေများစွာကြုံခဲ့ရတယ်လို့ဆိုပါတယ်။

“လက်သီးတွေနဲ့ထိုးတယ်။ လိင်အင်္ဂါအတုမဟုတ်တဲ့ အရက်ပုလင်းလို ဂေါက်သီးလုံးကို ကွန်ဒုံးထဲထည့်ထားတာမျိုးတွေနဲ့ ထိုးသွင်း ဆက်ဆံဖို့ကြိုးစားတာတွေကြုံရတယ်။ တစ်ယောက်တည်း ထင်လို့ လိုက်လာပြီးမှ အုပ်စုလိုက်ကြီး စောင့်နေတာတွေ့ရလို့ အဝတ်အစားမပါဘဲ ခုန်ချပြေးရတာ တွေလည်း ရှိခဲ့တယ်”

အဲဒီလိုဖြစ်ရပ်တွေကို တိုင်တောဖို့၊ ကာကွယ်ပိုင်ခွင့်ရဖို့ တောင်းဆိုရမယ့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေဟာ မဇင်မင်းခိုင်တို့လို လူတွေအတွက် ရှိမနေခဲ့ပါဘူး။

ကွန်ဒုံးမသုံးချင်သူအများစုဟာ HIV Positiveနဲ့ ARTဆေးသောက်နေရသူအများစုဖြစ်ပြီး အုပ်စုဖွဲ့ လိင်ဆက်ဆံဖို့ကြိုးစားသူတွေဟာ မဇင်မင်းခိုင်တို့ဆီ လိုင်းကြေးလာကောက်တဲ့ ရဲနဲ့ စစ်သားအများ စုဖြစ်တယ်လို့ ပြောပါတယ်။

ကာကွယ်ပေးရမယ့်အဖွဲ့အစည်းကိုယ်တိုင်က အကျင့်ပျက် အနိုင်ကျင့်နေတဲ့အပြင် ဥပဒေ တစ်ရပ်ပါထုတ်ပြီး နှိပ်ကွပ်ခံနေရတဲ့ မဇင်မင်းခိုင်တို့လို အဖြစ်တွေဟာ လူနေထူထပ်တဲ့ မြို့ပြတွေမှာ လက်ရှိကြုံနေရတာပါ။

“ကျွန်မတို့လူမျိုးတွေဟာ အဆောင်မှာနေခွင့်မရှိဘူး။ ခြံနဲ့ဝန်းနဲ့ ရပ်ကွက်တွေမှာနေခွင့်မရှိဘူး။ လူတိုင်း အိမ်တံခါးပိတ်ထားတဲ့ တိုက်ခန်းတွေမှာလည်း ရေရှည်နေပြီး ဖောက်သည်လက်ခံလို့မရဘူး။ ကျွန်မတို့ကြောင့် ပတ်ဝန်းကျင်ဟာ နာမည်ပျက်တယ်တဲ့။ ကျွန်မတို့အလုပ်ကျွန်မတို့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရှိဘူး” ဟု မဇင်မင်းခိုင်က ပြောပါတယ်။

အမျိုးကောင်းသားသမီးမှန်ရင် ဒီလိင်လုပ်ငန်းကို မလုပ်ဘူးလို့ပြောဆိုကြတာဟာ မှန်နေသလား မသိဘူးရယ်လို့ မဇင်မင်းခိုင်ဟာ သူ့မိသားစုကြုံခဲ့တဲ့ အဖြစ်အပျက်နဲ့ချိန်ဆပြောဆိုလာပါတယ်။

လိင်လုပ်သား၊ ဖာ၊ ပြည့်တန်ဆာ၊ မိန်းမသွမ်း၊ မိန်းမပေါ့၊ မိန်းမပျက်၊ ကွိတ် စတဲ့စကားလုံးတွေဟာ လိင်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတွေကို ပေးထားကြ၊ ခေါ်ဝေါကြတဲ့ အမည်နာမတွေပဲ ဖြစ်ပါတယ်။

လိင်လုပ်သားဆိုပြီး အလုပ်အကိုင်တစ်ရပ်အနေနဲ့ ခေါ်ဝေါ်မှုရှိပေမယ့်လည်း ဒီအရာဟာ လုပ်ကိုင်လို့ ကောင်းတဲ့ ပတ်သက်လို့ကောင်းတဲ့ အလုပ်အဖြစ်တော့ ဘယ်သူကမှ အသိအမှတ်လမပြုချင်ကြပါဘူး။

၁၉၄၉ခုနှစ်က ပြန်လည်ပြဌာန်းတဲ့ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ အရ လိင်လုပ်သားတွေဟာ ‌အလုပ်အပ်မယ့်သူကို ရှာဖွေရုံနဲ့တင်၊ မြှုဆွယ်မှုပြုတာနဲ့တင် ပုဒ်မ ၃နဲ့ ငြိစွန်းပြီး ဝရမ်းမပါဘဲ ဖမ်းဆီးခံရနိုင်ပါတယ်။

ဥပဒေနာမည်ကိုက ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေလို့ နာမည်ပေးထားတာပါ။

“အထူးအားဖြင့် ပြည့်တန်ဆာအဖြစ် အသက်မွေးသူ၏ ဘဝသို့ ကျရောက်မည့် အန္တရာယ်မှ ကာကွယ် စောင့်ရှောက်ရန် ကိစ္စအတွက်လည်းကောင်း၊ ထိုဘဝသို့ကျရောက်ပြီးသူများအား စောင့်ရှောက်ရန် ကိစ္စအတွက်လည်းကောင်း ပြဌာန်းနိုင်သည်” လို့ ဆိုထားပါတယ်။

ပြည့်တန်ဆာမဖြစ်အောင်ကာကွယ်ဖို့ ပြည့်တန်ဆာဖြစ်ပြီးရင်လည်း စောင့်ရှောက်ဖို့လို့ ဆိုထားပေမယ့် ထောင်ချဖမ်းဆီး နှိပ်ကွပ်ရုံနဲ့တော့ ဒီဘဝကိုမရောက်အောင် ဒီလုပ်ငန်းကို မလုပ်ဖြစ်အောင် မတား ဆီးနိုင်ပါဘူး။

ဒီလိင်လုပ်ငန်းဟာ အခုမှ ခေတ်စားလာတဲ့ လုပ်ငန်းမျိုးမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ရှိခဲ့တဲ့ လုပ်ငန်းတစ်ခုပါပဲ။ အခေါ်အဝေါ်တွေသာ ပြောင်းလဲခဲ့ပေမယ့် ဒီအမျိုးသမီးတွေအပေါ် ထားရှိတဲ့ လူတွေရဲ့ အမြင်နဲ့ ဆက်ဆံပုံကတော့ ရှေးခေတ်ကစလို့ ဒီကနေ့အထိ အတူတူပါပဲ။

ဆရာဝန်ဟာ ဆေးကုတဲ့အလုပ်ကိုလုပ်ပြီး အင်ဂျင်နီယာကတော့ အဆောက်အဦးဆောက် လမ်းတံတား ဆောက် မြို့ပြတည်ဆောက်တာတွေလုပ်ရပြီး ပြည့်တန်ဆာကလည်း သူ့ကိုယ်ခန္ဓာနဲ့ လိင်ဆက် ဆံဖော်ကို ဖျော်ဖြေရတာပါပဲ။

ဒါပေမယ့် ဒါဟာ အလုပ်တစ်ခုလို့ မြင်ပေးနိုင်သူ လက်ချိုးရေတွက်လို့ရနိုင်ပါတယ်။ ပျက်စီးနေတဲ့ အမျိုးသမီးအဖြစ် ထင်မြင်ယူဆလိုက်ကြတာပါပဲ။

မဇင်မင်းခိုင်တို့လို အမျိုးသမီးလေးတွေဟာ ဒီလူ့ပတ်ဝန်းကျင်မှာပဲ နေထိုင်ရှင်သန်ဖို့ ရုန်းကန်နေ ကြရတာပါပဲ။ သူတို့ဟာလည်း အကူအညီ၊အကာအကွယ်နဲ့ စောင့်ရှောက်မှုလိုအပ်တဲ့ လူသားတွေပါပဲ။

ကွိတ် ဆိုသည်မှာ သတ်မှတ်ထားသည့် နေရာတွင် မနေဘဲ တိတ်တိတ်ပုန်း ပြည့်တန်ဆာလုပ်၍ ငွေရှာသော အမျိုးသမီးများကို ခေါ်ဆိုခြင်းဖြစ်သည်။

#ကွိတ် #အမျိုးသမီးကဏ္ဍဆောင်းပါး #Ayeyarwaddy_Times

(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက် အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေ သည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)