ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်

ရှမ်းမြောက်၊ လားရှိုးမြို့တွင် စစ်ကောင်စီက လူအများအိပ်နေချိန်တိုင်း ဂျက်တိုက်လေယာဉ်သုံး၍ အရပ်သားနေအိမ်များပေါ် ဗုံးကြဲချတိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့ နံနက် ၁၂ နာရီ ၄၀ မိနစ်တွင် လားရှိုးမြို့ ရပ်ကွက် (၁၁) အောင်စေတနာလမ်းသွယ်-၂ ရှိ နေအိမ်များအပေါ်သို့ ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်တပ်က ဗုံးလာကြဲတာ ဆက်တိုက်ဖြစ်နေပြီ။ အချို့တွေ ရှောင်တိမ်းထွက်ခွာနေကြပြီ။ အရပ်သားတွေကို တမင်ပစ်မှတ်ထားပြီး‌ကို ပစ်နေတာ”ဟု လားရှိုးဒေသခံ အမျိုးသမီးတဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

သန်းခေါင်ကျော် အိပ်ချိန်ဖြစ်နေသည့်အတွက် လူအများစုမှာ ရှောင်တိမ်းချိန်မရဘဲ အိမ် ငါး လုံးပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက လားရှိုးမြို့ရှိ အရပ်သားပြည်သူများ ကို ပစ်မှတ်ထားကာ တိုက်ခိုက်နေသည်မှာ ယခုတစ်ကြိမ်နှင့်ဆိုပါက ၁၀ ကြိမ်မြောက် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက် ည ၈ နာရီ၃၉ မိနစ်ခန့်ကလည်း လားရှိုးမြို့ ရပ်ကွက် (၈) မန်ဆူဈေးအနီးကို စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်ရာတွင် လူနေ အိမ်ခြေ ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များသည် လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တစ်ခုလုံး နှင့်မြို့ပေါ်ရှိ စစ်စခန်းအားလုံးကို သိမ်းပိုက်ပြီးနောက် လားရှိုးမြို့ပေါ်တွင် စစ်တပ်ကင်းစင်သွားကာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတော့ဘဲ အရပ်သားများ မြို့အတွင်းပြန်လည်နေထိုင်လာချိန်တွင် စစ်ကောင်စီက ယခုကဲ့သို့ ဗုံးကြဲချတိုက်ခိုက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။

ထို့အပြင် စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်များကို လက်နက်ကိုင်လမ်းစဉ်ဖြင့်မဟုတ်ဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ကြောင်း ထုတ်ဖော် ပြောဆိုပြီးနောက်တွင် ယခုကဲ့သို့ လေကြောင်းအသုံးပြုကာ အရပ်သားပြည်သူများကို ပစ်မှတ်ထားခြိမ်း ခြောက်တိုက်ခိုက်နေခြင်းဖြစ်သည်။

ကိုးကန့်တပ်မတော် (MNDAA) ကလည်း တိုက်ပွဲများရပ်ပြီး နိုင်ငံရေးနည်းလမ်းဖြင့်သာ ရှေ့ဆက် လိုကြောင်း တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှုကို သဘောထားလက်ခံကြောင်း ထုတ်ပြန်ထား သော်လည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကို ရပ်တန့်ခဲ့ခြင်းမရှိပေ။

Photo- စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် လားရှိုးရှိ ရပ်ကွက် ၈ နှင့် ရပ်ကွက် ၁၁နေအိမ်များ ထိခိုက်ဖျက်စီးနေပုံ

#ရှမ်းမြောက် #လားရှိုး #ရပ်ကွက်၁၁ #စစ်ကောင်စီဗုံးကြဲ #ပြည်သူနေအိမ်များ #ပျက်စီး #Ayeyarwaddy_Times