ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်
စစ်ခေါင်းဆောင်က တော်လှန်ရေးတပ်ဖွဲ့များကို နိုင်ငံရေးပြဿနာအား ပါတီထောင်၍ နိုင်ငံရေးနည်း လမ်းဖြင့်ဖြေရှင်းကြရန် ဖိတ်ခေါ်ကမ်းလှမ်းမှုကို နိုင်ငံရေးပါတီ ၂၆ ပါတီက ဘောတူထောက်ခံကြောင်း ထုတ်ပြန်ခဲ့သည်။
ယမန်နေ့ စက်တင်ဘာ ၂၉ ရက်နေ့က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၆ ပါတီက စစ်ခေါင်းဆောင်၏ တော်လှန်ရေး တပ်ဖွဲ့များထံ ဖိတ်ခေါ်ကမ်းလှမ်းချက်ကို အပြည့်အဝ သဘောတူထောက်ခံကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်အာဏာလွှဲအပ်ရေး ဦးတည်ဆောင်ရွက်နေသော်လည်း လက်နက်ကိုင်အကြမ်းဖက်နေသည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးရေး အဟန့်အတားဖြစ်နေကြောင်း ၂၆ ပါတီက စစ်ခေါင်းဆောင်စကားအတိုင်း လိုက်ပါပြောဆိုခဲ့ခြင်းဖြစ် သည်။
ထိုသို့ လက်နက်ကိုင် တိုက်ခိုက်နေမှုကို ပြည်သူတစ်ရပ်လုံးက တွေ့ကြုံခံစားနေရသည့်အတွက် လိုလားခြင်း မရှိကြောင်းဆိုထားပြီး နိုင်ငံအတွင်း တွေ့ကြုံခဲ့ရသည့် ရေဘေးဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်ရန်အတွက် နိုင်ငံတည်ငြိမ်အေးချမ်း လုံခြုံဖို့အထူး လိုအပ်ကြောင်းလည်း ပြောဆိုထားသည်။
ထို့ပြင် စစ်ခေါင်းဆောင်က ရွေးကောက်ပွဲအတွက် ကောက်ယူမည်ဆိုသည့် သန်းခေါင် စာရင်း ကောက်ယူမှု လုပ်ငန်းကိုလည်း အဆင်ပြေချောမွေ့စေရန်အတွက် တိုင်းပြည်ငြိမ်းချမ်းဖို့လို ကြောင်း ဆိုသည်။
စစ်ခေါင်းဆောင်၏ လေသံအတိုင်း ၂၆ ပါတီကလည်း အကြမ်းဖက်အဖွဲ့အစည်းများ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်ဖြစ်စေ၊ ရွေးကောက်ပွဲလမ်းကြောင်းဖြင့်ဖြစ်စေ နိုင်ငံရေးပြဿနာကို ဖြေရှင်းကြဖို့ ကမ်းလှမ်းဖိတ်ခေါ် ထားခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင်ကို ထောက်ခံထားသည်။
အဆိုပါကမ်းလှမ်းချက်သည် ပြည်သူတစ်ရပ်လုံးက လိုလားသည့်ကမ်းလှမ်းချက်ဖြစ်သည်ဟုလည်း ဆိုကာ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏အကျိုးကို ရှေ့ရှုပြီး လိုက်နာပူးပေါင်းဆောင်ရွက်သင့်သည့် လုပ်ငန်း စဉ်တရပ်ဖြစ်ကြောင်း ရှုမြင်၍ အပြည့်အဝထောက်ခံအပ်ပါကြောင်း သဘောထား ထုတ်ပြန်ထားသည်။
ယင်းထောက်ခံမှုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီအပါအဝင် စစ်ကောင်စီ လို လားလက်ခံသည့် နိုင်ငံရေးပါတီ ၂၆ ပါတီက လက် မှတ်ထိုး ထောက်ခံကြောင်း ပူးတွဲသဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နေ့တွင် ညီနောင်မဟာမိတ်အဖွဲ့သုံးဖွဲ့ဖြစ်သည့် MNDAA ၊ TNLA နှင့် AA တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သက်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်ကို အဆိုပါ နိုင်ငံရေးပါတီ ၂၆ ပါတီအနက် ကျားဖြူပါတီမှလွဲ၍ ကျန် ၂၅ ပါတီက ထိုသို့ အကြမ်းဖက်အဖြစ်သတ်မှတ်ခြင်းအပေါ် အပြည့်အ၀ ထောက်ခံကြောင်း ကြေညာခဲ့သည်။
#နိုင်ငံရေးနည်းလမ်း #ဖြေရှင်းရန် #စစ်ခေါင်းဆောင် #ပါတီ၂၆ခု #ထောက်ခံ #ထုတ်ပြန်ချက် #Ayeyarwaddy_Times