ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်

မိုးကြီးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ရေလှောင်တမံ ၅၀ နှင့် အင်းလေးကန်တွင် ရေပြည့်ရေကျော်အမှတ်ရောက်နေဆဲဖြစ်ကြောင်း ယမန်နေ့ စက်တင်ဘာ ၂၉ ရက်နေ့တွင် စစ်ကောင်စီ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ ရေလှောင်တမံ ၅၀ ခုနှင့် အင်းလေကန်၏ ကန်ရေပြည့်ရေမှတ်သည် ၂ ပေမှ ၆ ပေကျော် လွန်နေပြီး စိုးရိမ်ရန်မရှိကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ယင်းထဲမှ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ လဲဖြူရေလှောင်တမံတွင် ကန်ရေပြည့် ရေမှတ် ၇၈၈ ပေကျော်လွန်ကာ ၇၉၀ ပေထိ အမြင့်ဆုံးရောက်ရှိရေကျော်ခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်သည်။

မကွေးတိုင်း၊ မင်းဘူး/ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝ ရေလှောင်တမံ၏ ကန်ရေပြည့်မှတ်မှာ ၃၄၀ ပေဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်နေ့တွင် ၃၄၆ ပေရောက်ရှိနေကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနထံက သိရသည်။

ထို့ပြင် အင်းလေကန်၏ ကန်ရေပြည့်မှတ်သည် ၂၉၀၅ ပေဖြစ်ပြီး လက်ရှိတွင် ၂၉၀၇ ပေရောက်ရှိကာ ၂ ပေ ကျော်လွန်နေကြောင်းယင်းဌာနထံမှ သိရသည်။

“ အင်းလေးကန်ထဲတော့ရေ ၇ ပေကျော်လောက်တက်လိုက်တာလေ။ ညောင်ရွှေမြို့ပေါ်ရော ၆ ပေ ၇ ပေလောက် ထိမြုပ်တာ။ အိမ်တွေဆိုရင် ၄ ပေ ၅ ပေလောက်မြုပ်တာပေါ့။ ညောင်ရွှေမှာ ၃ ပေလောက်ကျသွားပြီ။ အင်းထဲမှာမကျသေးဘူး။ ဒါပေမဲ့ ဒီမှကျသွားတော့ အင်းလေကန် အလည်ထဲမှာဆိုရင် ၂ ပေလောက်ကျသွားမယ်” ဟု အင်းလေဒေသလူမှုကူညီရေးဆောင်ရွက်သူ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အင်းလေးတွင် စက်တင်ဘာ ၁၃ ရက်နေ့ညပိုင်းက တစ်ညအတွင်း ရေ ၃ ပေခွဲခန့်ချက်ချင်းတက်လာပြီး ယင်းနေ့မှစတင်ကာ လက်ရှိ နှစ်ပတ်ကျော်ကြာသည်အထိ ရေကြီးရေလျှံနေဆဲဖြစ်ပြီး ရေကျရန်နှစ်လ ခန့်ကြာမြင့်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ၁၉၉၂ ခုနှစ်တွင် အင်းလေရေကန်၏ ရေမှတ်ထက် ၃ ပေကျော်လွန်တက်ရောက်ခဲ့ပြီး ယခုနှစ်တွင် ၇ ပေခန့်ကျော်လွန်ရေပြည့်လျှံခြင်းဖြစ်ကြောင်း အင်းလေဒေသလူမှုကူညီရေး ဆောင်ရွက် သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၁၄ ရက်နေ့တွင် နေပြည်တော် ပေါင်းလောင်ရေလှောင်တမံမှ ရေအမြင့်ဆုံးရောက်ရှိ သည့်ပေမှာ ၆၃၅ ပေဖြစ်ပြီး ရေပြည့်မှတ်မှာ ၆၂၃ ပေဖြစ်၍ ၁၂ ပေခန့်ရေကျော်သွားခြင်းဖြစ်သည်။

ယာဂိအရှိန်ကြောင့်မိုးသည်းထန်စွာရွာသွန်းနိုင်မည့် စက်တင်ဘာ ဒုတိယအပတ်တွင် အဆိုပါ ရေလှောင်တမံများနှင့် ပတ်သက်ပြီးသတင်းထုတ်ပြန်ခြင်းမရှိဘဲ သဘာဝဘေးအန္တရာယ်ကို စောလျင်စွာ မကာကွယ်နိုင်ခြင်းကြောင့် လူပေါင်းသိန်းနှင့်ချီဘေးဒုက္ခရောက်ပြီး ရာနှင့်ချီသေဆုံးခဲ့ရသည်။

အင်းလေဒေသအပါအဝင် ရေကြီးရေလျှံမှုကြောင့် မြို့နယ် ၁၁၀ မြို့နယ်ရှိ လူဦးရေ ၁၀ သိန်းနီးပါး ရေဘေးသင့်ရပြီး ၄၃၃ ဦးသေဆုံးကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထုတ်ပြန် ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ရေလှောင်တမံ၅၀ရေကျော် #အင်းလေးကန်ရေကြီးရေလျှံနေဆဲ #ရေကျရန်ကြာမည် #Ayeyarwaddy_Times